မြင်းမူ စက်တင်ဘာလ ၂၅
ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားအိမ်တွင်းမှု လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရာတွင်၊ မြစိမ်းရောင်မတည်ရင်းနှီးငွေအဖြစ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က မြစိမ်းရောင် ကျေးရွာများအား ထုတ်ချေးပေးလျက်ရှိရာ၊ ပဉ္စမနှစ်လျှာထားကျေးရွာ(၅)ရွာ၏ နောက်ဆုံး ကျေးရွာဖြစ်သည့်၊ ကင်းလေးတောကျေးရွာတွင် ယမန်နေ့က မြစိမ်းရောင်အသင်းဝင် များ၏လက် ဝယ်အရောက် လိုက်လံထုတ်ပေးခဲ့ကြောင်းသိရှိရသည်။
ချေးငွေများထုတ်ချေးပေးရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သည့် အတွက်ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လူစုလူဝေးမဖြစ်စေရေးအတွက် ကျေးရွာရှိ မြစိမ်းရောင်ကော်မတီဝင်များနှင့် ပူးပေါင်းကာ၊ အသင်းဝင်များ၏အိမ်တိုင်အရောက် လိုက်လံ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ကင်းလေးတောကျေးရွာသို့ ထုတ်ချေးပေးသည့် လည်ပတ် ရန်ပုံငွေမှာ(၄၇ဒဿမ၂) သန်းဖြစ်ပြီး စိုက်ပျိုးရေးလုပ်ကိုင်နေသူ အသင်းသား (၆၉)ဦး အတွက် ဖြစ်ကြောင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီ ထံမှ သိရှိရသည်။
မြင်းမူမြို့နယ် ကျေးလက်ဦးစီးဌာနသည် ပဉ္စမနှစ်ကာလအတွက် မြစိမ်းရောင်ချေးငွေများ ထုတ်ပေး ရန်ရှိသည့်၊ လျှာထားကျေးရွာ(၅)ရွာလုံးအား ထုတ်ချေးပေးပြီးဖြစ်ကြောင်း၊ ထုတ်ချေးငွေပေါင်းမှာ ငွေကျပ် (၂၅၉ဒဿမ၁၈) သန်းဖြစ်ကြောင်းနှင့် ယင်းထုတ် ချေးငွေများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား အိမ်တွင်းမှု မိသားစု တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်သွား နိုင်တော့ မည်ဖြစ်သည်။
အောင်စိုးဖေ(မြင်းမူ)