ကလေးမြို့တွင် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ချမ်းမြေ့အောင်စည် ဘုန်းတော်ကြီးကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကလေး ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ချမ်းမြေ့အောင်စည် ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ မွန်းလွဲ နာရီအချိန်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သန့်ရှင်းရေးပြုလုပ်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှစိုးတို့မှ အနီးကပ်ကြီးကြပ်၍ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ နယ်မြေခံတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လာရောက်ခဲ့ကြပြီး မီးဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့်  သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ဖယ်ရှားရှင်းလင်းပေးခဲ့ကြပြီး အမှိုက်သရိုက်များကို မော်တော်ယဉ်များဖြင့် သတ်မှတ်အမှိုက်စွန့်ပစ်သည့် နေရာများသို့ သွားရောက်စွန့်ပစ်ခြင်းများ ဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

သန့်ရှင်းရေးပြုလုပ်သည့် ချမ်းမြေ့အောင်စည် ဘုန်းတော်ကြီးကျောင်းတွင် စုစုပေါင်းအင်အား ၃၀၀ ဦးဖြင့် ဆောင်ရွက်ခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အပတ်စဉ် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)