ရွှေဘို စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကံသာကုန်းကျေးရွာမှ ပိုးတွေ့လူနာနှင့် ထိတွေ့ ခဲ့သော မိသားစုဝင်(၅)ဦး မှာ ကိုဗစ်-၁၉ ပိုး တွေ့ရှိခဲ့တယ်လို့ ယနေ့ နံနက်ပိုင်းက ရွှေဘိုခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဒု-ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းလဲ့လဲ့ထွေး၏ ပြောပြချက်အရ သိရသည်။
" ရွှေဘိုမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦးကို စက်တင်ဘာ (၂၀ ) ရက်က စတင် တွေ့ရှိခဲ့တာပါ၊ အဲ့ဒီလူနာအမှတ် (၅၇၁၆ )နှင့်အတူ ရန်ကုန်မှပြန်လာခဲ့တဲ့ ရွှေဘိုမြို့နယ် ကံသာကုန်း ကျေးရွာမှ အသက် (၃၈) နှစ်အရွယ် အမျိုးသားမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီး၊ ၎င်းနှင့် ထိတွေ့ခဲ့တဲ့ မိသားစုဝင် (၅) ဦးမှာလည်း ကိုဗစ်-၁၉ ပိုး တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ထပ်မံတွေ့ရှိရတဲ့ ပိုးတွေ့ လူနာ(၅)ဦးကို ရွှေဘိုမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းက ယာယီဆေးရုံကို ဆေးကုသ ဖို့ ပြောင်းရွှေ့ထားပြီးဖြစ်ပါတယ်" ဟု ရွှေဘိုခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒု- ခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းလဲ့လဲ့ထွေးက ပြောကြားခဲ့သည်။
စက်တင်ဘာ(၂၅) ရက် နံနက်ပိုင်းအထိ ရွှေဘိုမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ (၇) ဦး တွေ့ရှိထားပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များ အရ သိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)