ချောင်းဦး စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာ၊ ကျီကုန်းအခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် အသွားအလာကန့်သတ် ထားရှိသူ တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ ယနေ့ နံနက်(၈)နာရီ ထုတ်ပြန်ချက်အရ သိရသည်။
ကိုဗစ်-၁၉ပို့ တွေ့ရှိသူမှာ ရန်ကုန်မြို့ မြောက်ဥက္ကာလာပမှ ပြန်လာသည့် အသက် ၂၈ နှစ် အရွယ် အမျိုးသား တစ်ဦးဖြစ်ပြီး စက်တင်ဘာလ(၂၁)ရက်နေ့က ရန်ကုန်မှ ကားမောင်းသူအပါ(၁၉)ဦး၊ ကား ၂ စီးဖြင့် ပြန်လာခဲ့ကြောင်း ကျီကုန်းကျေးရွာ အထက(ခွဲ)ကျောင်းသို့ ၁၉ ဦး စလုံးအားအသွားအလာကန့်သတ်ထား ခဲ့ပြီး ၂၂ ရက်နေ့ ညနေပိုင်းတွင် Swab ယူခဲ့ကာ ၂၃ ရက်နေ့ မနက်မန္တလေးသို့ပို့ပြီးစစ်ဆေးခဲ့ကြောင်း၊ ၂၄ ရက်နေ့ စစ်ဆေးခဲ့ပြီး ၂၅ ရက်နေ့ မနက်ပိုင်း ထုတ်ပြန်ချက်တွင် ၁၉ ဦး ထဲမှ Positive တစ်ဦးဖြစ်ခဲ့ပြီး၊ ကျန် ၁၈ ဦး Negative ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာအား ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ခေါ်ထားပြီး၊ မြို့နယ်ဆရာ၀န်ကြီး ကိုယ်တိုင် ကြည့်ရှု့လျက်ရှိကြောင်း၊ အတူလာသူများအား ဒုတိယအကြိမ် Swab ယူစစ်ဆေးသွားမှာဖြစ်ကြောင်း၊ လူနာနှင့် ထိတွေ့သူမရှိသော်လည်း အနီးကပ်ကြီးကြပ်နေရသည့် ကျီကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေးမှူး တို့အား မိမိတို့ နေအိမ်တွင် သီးသန့်နေထိုင်စေပြီး၊ Swab ယူစစ်ဆေးသွားမည်ဖြစ်ကြောင်း၊ အတည်ပြုလူနာမှာ ကျန်းမာရေးပုံမှန်အတိုင်းရှိနေကြောင်း၊ လူနာအား ကြည့်ရှု့စစ်ဆေးကုသနေသူ ချောင်းဦးမြို့နယ် ဆရာ၀န်ကြီး ဒေါက်တာကျော်ထွန်းဦး ထံမှ သိရသည်။
ချောင်းဦးမြို့နယ်အတွင်း အသွားအလာကန့်သတ်ထားရှိသည့်နေရာ (၇) နေရာရှိပြီး၊ ယခုချိန်အထိ Community Based Facility Quarantine ၀င်နေသူ (၃၇) ဦးရှိကြောင်း၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် နိုင်ရေး ဆောင်ရွက်နေကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်ထံမှ သိရှိရပါသည်။
၀င်းမြင့်အောင် (ပြန်/ဆက်)