လိပ်သို ဇန်နဝါရီ ၂၅
တောင်ငူကက်သလစ်သာသနာ၊ လိပ်သိုတိုက်နယ်၊ စိန်ဖရန့်စစ်ဇေးဗီးယား သီလရှင်ကျောင်းတွင် ဖွင့်လှစ်ခဲ့သော ဆောင်းနှင်းဝေမူကြိုကျောင်းဆင်းပွဲနှင့် ဘွဲ့အပ်နှင်းပွဲအခမ်းအနားကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် အဆိုပါကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ရာ မာသာရ်ဘယ်လားရှာ၏ အဖွင့်မေတ္တာ ဆုတောင်းခြင်းဖြင့် စတင်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စိန်ဖရန့်စစ်ဇေးဗီးယားသီလရှင်ကျောင်းမှ မာသာရ်ကြီး ပေးပေ၊ ဂေဘားကရင်အသင်း မူကြိုကျောင်းများ၏ ဥက္ကဋ္ဌ ဆရာစောဗင်ဇင်း၊ ဆောင်းနှင်းဝေ မူကြိုကျောင်းတာဝန်ခံ စစ္စတာဘယ်ရောနီကာတို့က နှိုးဆော်စကားနှင့် အမှာစကားများ အသီးသီးပြောကြားပေးခဲ့ကြပြီးနောက် မူကြိုကလေးငယ် (၃၄) ဦးအနက် ဘွဲ့ရရှိသော ကလေးငယ်(၁၁) ဦးအား တာဝန်ရှိသူများက ဘွဲ့လက်မှတ်များ အပ်နှင်းပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မူကြိုကလေးငယ်များ၏ တေးသရုပ်ဖော်သီဆိုကပြဖျော်ဖြေခြင်း၊ တာဝန်ရှိသူများနှင့် မိဘများက မူကြိုကလေးငယ်များကို လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ မိဘများကိုယ်စား ဆရာမနော်ဒိုနီးရှာက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး မာသာရ်ကြီးပေးပေ၏ ဦးဆောင်ဆုတောင်းခြင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ခင်လေးနွယ်(လိပ်သို)