ကောလင်းမြို့နယ် ကျေးရွာ(၆)ရွာတွင် ငွေပေး၊ အလုပ်ပေးစနစ် (Cash For Work) စီမံကိန်းဖြင့် ဆောင်ရွက်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ကောလင်း စက်တင်ဘာ ၂၅

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း တွေ့ကြုံနေရသော စီးပွားရေးအခက်အခဲများကို ဖြေရှင်းရန်အတွက် နိုင်ငံတော်က ဆောင်ရွက် လျက်ရှိသော စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် Cash For Work စီမံကိန်းကို ကျေးရွာ ၆ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

ကျေးရွာ(၆)ရွာတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများအပေါ်တုံ့ပြန် ဆောင်ရွက်သည့်အနေဖြင့် မိသားစုဝင်ငွေရရှိရေးအတွက် Cash For Work စီမံကိန်းဖြင့် မောင်းကော်ကျေးရွာတွင် စာသင်ကျောင်းအားကစားကွင်း မြေဖို့ပြုပြင်းခြင်း လုပ်ငန်းကို လည်းကောင်း၊ ပဇင်းတာကျေးရွာ၊ လှည်းပွဲကျေးရွာနှင့် တောင်ပုတ်စုကျေးရွာတွင် ရွာတွင်းလမ်း ခြုံနွယ်ရှင်းလင်းခြင်းလုပ်ငန်း၊လမ်းဘေး ဝဲ/ယာရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်း ၊ကျေးရွာတွင်းလမ်း ကျောက်ရောမြေခင်းခြင်းနှင့် ဂျင်းမြေခင်းခြင်းလုပ်ငန်းကိုလည်းကောင်း၊ စစ်တော ကျေးရွာနှင့် တောင်ကြားကျေးရွာတွင် ရွာတွင်းလမ်း လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း၊ ကျေးရွာ တွင်းလမ်း ဂျင်းမြေခင်းခြင်း လုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက လိုအပ်သည့် နည်းပညာများ ပံ့ပို့ပေးပြီး ၎င်းကျေးရွာများရှိ ဒေသခံပြည်သူများအား ဝင်ရောက်လုပ်ကိုင်စေပြီး ကိုဗစ်-၁၉ကာလတွင် ဝင်ငွေရရှိစေရန် လုပ်အားခကိုပေးချေခြင်းစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း ကောလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။

ထို့သို့ဆောင်ရွက်ရာ၌ ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး ထောက်ပံ့ငွေ၏ ၄၀ ရာခိုင်နှုန်း စီမံကိန်းလုပ်ငန်းအတွက် ပစ္စည်းဝယ် ယူရာတွင် အသုံးပြုစေကာ ကျန် ၆၀ရာခိုင်နှုန်းကို ဒေသခံပြည်သူများ ဝင်ငွေရရှိရေး လုပ်အားခအတွက် ပေးချေ၍ စီမံကိန်းလုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ယင်းသို့လုပ်အားခငွေများ ပေးချေရာတွင် အနိမ့်ဆုံးလုပ်အားခ ကျပ် ၄၈၀၀မှ အမြင့်ဆုံး လုပ်အားခ ကျပ် ၆၀၀၀ သတ်မှတ်ထား ကြောင်းနှင့် ကျွမ်းကျင်လုပ်သားများအနေဖြင့် ဒေသပေါက်ဈေးအတိုင်း အကျိုးခံစားခွင့် ရရှိကြသည်။

ကျေးရွာ(၆)ရွာတွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ၎င်းကျေးရွာ(၆)ရှိ၊ အိမ်ထောင်စု ၇၇၆ စု၊ လူဦးရေ ၃၆၅၉ ဦး၏ မိသားစုစားဝတ်နေရေးအတွက် အလုပ်အကိုင်ရရှိခဲ့ပြီး ၎င်းကျေးရွာများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း ကောလင်းမြို့ နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မြင့်ထွန်းမင်း (ကောလင်း)