စစ်တွေ ဇန်နဝါရီ ၂၄
စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းနှင့်အသိပညာပေးနံရံကပ် စာစောင်၊ ဓာတ်ပုံ၊ စာအုပ်၊ စာပေပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(စစ်တွေ) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးမှဦးစီး အရာရှိဦးမြင့်စိုးက ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ဆောင်ရွက်ပြီး အထက-၁(စစ်တွေ)မှ ကျောင်းသား၊ ကျောင်းသူလေးများက စကားဝိုင်းဆွေးနွေးကြသည်။
လူငယ်စကားဝိုင်းတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(စစ်တွေ)မှ Grade–10 ကျောင်းသူ မချိုမီအောင်က လူငယ်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမျိုးသန္တာခင်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊Grade–10 ကျောင်းသား ဇော်လင်းထွန်းက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်မင်းအောင်ဟိန်းက လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည်ခန်းမအတွင်း၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ သဘာဝဘေးအန္တရာယ်အသိပညာပေးဓာတ်ပုံ၊ မူးယစ်ဆေးဝါးအန္တာရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးနံရံကပ် စာစောင်များနှင့် စာအုပ်၊ စာပေများခင်းကျင်းပြသထားမှု အားလှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါစကားဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးမှ ဝန်ထမ်းများ၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း(စစ်တွေ)ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)