ငဖဲမြို့နယ် ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ငဖဲ  ဇန်နဝါရီ ၂၅

လူငယ်လူရွယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အခြေခံပညာဦးစီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီ အချိန်က လူငယ်စကားဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ရာ ဒုမြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပဒါန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်မြတ်မြတ်လင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်း က ကျောင်းသား/သူ လူငယ်လူရွယ်များ ဉာဏ်ပညာဗဟုသုတ ပိုမိုတိုးပွားစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ စကားပြော အတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ မိမိဘဝဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားလိုစိတ်များဖြစ်ပေါ်လာရန်နှင့် လူငယ်အချင်းချင်းရင်းနှီး ချစ်ကြည်မှုများတိုးပွားပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်း က ကြားခံဆွေးနွေးသူအဖြစ်ဆောင်ရွက်ကာ ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း Grade-10(A) မှ မောင်ကျော်သူရစိုး က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ခွန်အားမာန် က လူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်နေတိုး က လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မထက်ရည်လင်း က လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသူဇာအောင်က လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဖူးပြည့်စုံကျော် က လူငယ်နှင့်ယဉ်ကျေးမှုဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ ဆွေးနွေးပွဲသို့တက်ရောက်လာကြသော ကျောင်းသား/သူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားပေးခဲ့သည်။

ဆွေးနွေးပွဲအပြီးတွင် ငဖဲမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပဒါန်းကျေးရွာအခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများအတွက် ဘောလီဘောပိုက်နှင့် ဘောလုံးတစ်လုံးတို့ကို ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)