ချောင်းဦး စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ စဉ်ဆက်မပြတ် ကျေးလက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြည်သူဗဟိုပြု အသွင်ဖြင့် ဖော်ဆောင်ရာတွင် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ရန်နှင့် မိသားစုဝင်ငွေတိုးပွါးစေရန် ရည်မှန်း၍ မြစိမ်းရောင်စီမံကိန်းကို နိုင်ငံတော် ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရင်းမပျောက်မတည် လည်ပတ်ရန်ပုံငွေ မြစိမ်းရောင် စီမံကိန်းကို ၂၀၁၄-၂၀၁၅ခု၊ ဘဏ္ဍရေးနှစ်မှ စတင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အထိ မြစိမ်းရောင် စီမံကိန်း ယူနစ် (၂၆) ယူနစ်ကို ကျေးရွာ (၂၉) ရွာတွင် အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ပြီး၊ မြစိမ်းရောင် စီမံကိန်း အတိုးရငွေမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေး နှစ်တွင်း ကျေးရွာ(၄)တွင် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မြစိမ်းရောင် စီမံကိန်း ဆောင်ရွက်ရာတွင် စီမံကိန်း (၃) နှစ်ပြည့်ပြီး၊ အတိုးရငွေကျပ်သိန်း (၁၀၀) ကျော်သည့် ကျေးရွာများအနေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မည်ဆိုပါက အတိုးရငွေ၏(၅၀%) ကိုသုံးစွဲခွင့် ရှိပါကြောင်း၊ ဖွံ့ဖြိုးရေး လုပ်ငန်းမဆောင်ရွက်ပါက လည်ပတ်ရန်ပုံငွေအဖြစ် အသုံးပြုနိုင်ပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်အတွင်း သန်းပင်ကန်ကျေးရွာ၊ ဘလွေကျေးရွာနှင့် တလိုင်းကျကျေးရွာများတွင် လျှပ်စစ်လမ်မီးလင်းရေးလုပ်ငန်း၊ မိုင်တဲကျေးရွာတွင် ရွာအဝင် လမ်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကို မြစိမ်းရောင်စီမံကိန်း အတိုးရငွေ(၃၀၆)သိန်း တို့ဖြင့် ဆောင်ရွက်ပေး နိုင်ခဲ့ပါကြောင်း၊ ချောင်းဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းက ပြောပြ၍ သိရသည်။
အိအိအောင်(ချောင်းဦး)