ကျိုက်လတ် စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ကူးစက်မှု မရှိစေရေးအတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပ ထွက်ပါက နှာခေါင်းစည်း (Mask)တပ်ဆင်ပြီး သွားလာရန် ယနေ့ နံနက် ၇ နာရီမှစ၍ မြို့ပေါ်ရှိ ဈေးများ၊ လူစည်ကားရာ လမ်းဆုံများတွင် ဖြတ်သန်းသွားသည့် ပြည်သူများနှင့် ဆိုင်ကယ်များ၊ ကားများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျိုက်လတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ကြိုတင်ကာကွယ်သည့် အနေဖြင့် ပြည်သူများ မဖြစ်မနေ မိမိနေအိမ်ပြင်ပ ထွက်ခွာပါက အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်ပြီး ထွက်ရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင်ထားပါက ယခုဝယ် ယခုတပ်စနစ်ဖြင့် နှာခေါင်းစည်း(Mask) (၃)ခုကို (၃၀၀၀)ကျပ်ဖြင့် ဝယ်ယူတပ်ဆင်ခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်း ခေါင်းဆောင်၍ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့က နေအိမ်ပြင်ပထွက်သည့် ပြည်သူတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သည့် အလေ့အထ ဖြစ်စေရန် စစ်ဆေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ရီရီမြင့် (ပြန်/ဆက်)