မော်လိုက် ဇန်နဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် (၉)နာရီအချိန်က မော်လိုက် အ.ထ.က စုံညီခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါခန်းမတွင် ကျောင်းသား/ကျောင်းသူလေးများက ပညာရေးစုံညီပွဲတော်တို့နွှဲ့ပျော် သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ကာ မော်လိုက်မြို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားခဲ့၍ ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်မာမာအေးက အမှာစကားပြောကြားခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးထန်ရှင်းခုပ်က စုံညီပွဲတော် နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် အကောင်း ဆုံး ရရှိခဲ့သည့် ကျောင်းများ၊ ၂၀၂၁-၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး ရရှိအောင် သင်ကြားပေးခဲ့သောဆရာ/ဆရာမများ၊ ၂၀၂၂-၂၀၂၃ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေး နေ့ အထိမ်းအမှတ်၌ စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ကာတွန်းပြိုင်ပွဲနှင့် မူလတန်း၊ အလယ်တန်းအဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား/ ကျောင်းသူများအား ခရိုင်ဉက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆုတံဆိပ်များနှင့် ဂုဏ်ပြုလက်မှတ်များ အသီးသီးချီးမြှင့်ခဲ့ကြပြီး မြို့နယ်အတွင်းရှိကျောင်းများမှ ကျောင်းသား/ကျောင်းသူများက သီချင်း၊ အက၊ အလှများ၊ တေးသရုပ်ဖော်များဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။
၎င်းနောက် စုံညီခန်းမရှေ့တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ဆရာ/ဆရာမများ၏ ဆုရသင်ထောက်ကူပစ္စည်းများ ကျောင်းသား/ ကျောင်းသူများ ၏ ပန်းချီ၊ ကဗျာ၊ ကာတွန်းပြိုင်ပွဲ ဆုရလက်ရာများပြသခြင်းနှင့် အိမ်တွင်းမှုပြခန်း၊ ပန်းချီပြခန်း ၊ သိပ္ပံပြခန်းများတွင် သရုပ်ပြသခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်