ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပေါင်းတည်မြို့မှ ပြည်ခရိုင်အတွင်းသို့ ဖြတ်သန်း သွားလာမည့်ယာဉ်နှင့် ခရီးသည်များအား ကျန်းမာရေးစစ်ဆေးဆောင်ရွက်

ပေါင်းတည်    စက်တင်ဘာ        ၂၅


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင် ဆက်စပ်သည့်နေရာဖြစ်သည့် ပေါင်းတည်မြို့နယ် အဝင် ဘိုးသာအောင်ကုန်း နယ်စပ်တံတားမှ ပြည်ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးသို့ ဖြတ်သန်းသွားလာမည့် အနှေးယာဉ်၊ အမြန်ယာဉ်နှင့် ခရီးသည်တင် ယာဉ်များအားလုံးကို ကျန်းမာရေး စစ်ဆေးခြင်းနှင့် ခရီးသွားမှတ်တမ်းများ ရယူခြင်းအပြင် ကျန်းမာရေးဌာနနှင့် ရပ်ကွက်ထောက်ခံချက်ပါရှိမှသာ ဖြတ်သန်းသွားခွင့်ပြုမည်ဟုသိရှိရသည်။
ပြည်ခရိုင်အတွင်းသို့ ဝင်ရောက်မည့် မော်တော်ယာဉ်၊ အနှေးယာဉ်၊ ဆိုင်ကယ်နှင့် ခရီးသည်များအားလုံးကို အပူချိန်တိုင်းတာခြင်း၊ သွားရောက်မည့် နေရာမေးမြန်းခြင်းနှင့် ရောဂါဖြစ်ပွားရာဒေသမှ လာရောက်သူ ထောက်ခံချက်မပါရှိသူများအား ရောဂါထိန်းချုပ်သည့် အနေဖြင့် ပြည်ခရိုင်အတွင်းသို့ အဝင်မခံတော့ကြောင်း မြို့နယ်ပြန်/ဆက် ဦးစီးဌာန ဦးချိုဝင်းထံက သိရှိရသည်။
အချို့အရေးပေါ်ကိစ္စဖြင့်လာရောက်ခဲ့သူများကို နောက်ရက်တွင် ထောက်ခံချက်ပါရှိမှသာ သွားလာခွင့်ပြုမည် ဖြစ်ကြောင်း၊ အဆိုပါစစ်ဆေးရေးအဖွဲ့မှ နယ်စပ်တံတားတွင် နံနက်၈နာရီမှ ညနေ့၅နာရီထိ စစ်ဆေးမည်ဖြစ်ပြီး ညပိုင်းတွင် ရန်ကုန်-ပြည်ကားလမ်းဘေး မြို့နယ် အားကစားခန်းမ FQC ရှေ့မှာ စစ်ဆေးသွားမည် သိရှိရသည်။
ကုန်စည်စီးဆင်းမှု မှန်ကန်ရေးနှင့် ပြတ်လပ်မှုမရှိစေအတွက် မြို့နယ်တာဝန်ရှိသူများက သီးခြားအစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိကြောင်းသိရသည်။
တင်ဝင်းဇော် (မင်းသားကြီး)