ကေ့ာကရိတ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကေ့ာကရိတ် ဇန်နဝါရီ ၂၄

ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 ရှေးဦးစွာ ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက ကလေးအလုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားများနှင့် ကျောင်းပညာရေး၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ် စသည့် ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့် သိမှတ်ဖွယ်ရာ အကြောင်းအရာများကို    အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသူကျောင်းသားများသည် ခရိုင်ပြန်ဆက်ဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲသို့ အမက(၁၃)ကျောင်းမှ မူလတန်း ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ကြကြောင်းသိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)