လွိုင်ကော် စက်တင်ဘာ ၂၅
ကိုဗစ်−၁၉ ကပ်ရောဂါကြောင့် စားသုံးသူပြည်သူများအပေါ် စားနပ်ရိက္ခာလုံခြုံစိတ်ချမှုရှိစေရေး အတွက် မျိုးစေ့ထုတ် တောင်သူအစုအဖွဲ့များ တိုးချဲ့ဖွဲ့စည်းပြီး မျိုးသန့်မျိုးစေ့ထုတ် စိုက်ဧကများ ပိုမို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများသာမက မျိုးစေ့ထုတ်လုပ်ငန်းတွင် ပါဝင် ပတ်သက်သူများ အကျိုးရှိစေရန်နှင့် စိုက်ပျိုးရေးသွင်းအားစုများကို လုပ်ကွက်ငယ်တောင်သူ လယ်သမားများ အလွယ်တကူရရှိနိုင်ရန် ရည်ရွယ်၍ ကိုဗစ်−၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်အတွင်းရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်(၃)ခုတွင် မိုးစပါး မျိုးစေ့ထုတ် (၁၅၀၀) ဧက ဆောင်ရွက်ထားရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးစေ့ထုတ်တောင်သူများသည် မျိုးစေဖိုး၊ မြေပြုပြင်ခြင်း၊ မျိုးကွဲနှုတ်ပယ်ခြင်းနှင့် မျိုးစေ့သန့်စင်ခြင်း လုပ်ငန်းများ အတွက် နိုင်ငံတော်မှ တစ်ဧကလျှင် (၁၄၈၅၀၀) ကျပ်နှုန်းဖြင့် ဧက(၁၅၀၀)အတွက် စုစုပေါင်း ကျပ်သန်း (၂၂၂.၇၅) သန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး မျိုးစေ့ထုတ်နည်းစနစ်များနှင့်အညီ စိုက်ပျိုးစေခဲ့၍ တောင်သူများ၏ စိုက်ပျိုးထားရှိသော မျိုးစေ့ထုတ်စိုက်ခင်းများအား ပိုးမွှားရောဂါ ကာကွယ်ခြင်း၊ မျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းများ အချိန်မီဆောင်ရွက်ထားရှိ ရေးကို စက်တင်ဘာလ (၂၅)ရက်နေ့ နံနက်ပိုင်းက ကယားပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူး ဒေါ်တင်မြလွင် ၊ လွိုင်ကော်ခရိုင် မြေအသုံးချရေး၊ မျိုးစေ့သီးနှံကာကွယ်ရေး တာဝန်ခံများဖြစ်သော ဒေါ်သင်းသင်းဆွေ၊ ဒေါ်အယ်ဗလင်း၊ ဒေါ်စန်းဌေးနှင့် တာဝန်ရှိသူများက လွိုင်ကော်မြို့နယ်၊ ဒေါပေါ် ကလဲကျေးရွာအုပ်စု၊ ထေးငှားလျား ကျေးရွာ၊ ကွင်းအမှတ်(၉၅) ၊ ဦးပိုင် (၇၇) ၊ တောင်သူ ဦးဖရေရယ်၏ မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်းတွင် ကွင်းဆင်း ကြည့်ရှုစစ်ဆေးပညာပေးဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် လွိုင်ကော်ခရိုင်တွင် အစေ့ထုတ်ပြောင်းစိုက်ဧက (၅၈၇၆၂)၊ ဆီထွက်သီးနှံမြေပဲစိုက်ဧက (၈၇၂၀)၊ နှမ်းစိုက် ဧက(၆၀၉၄)နှင့် နေကြာစိုက်ဧက(၇၁၃)ဧက စိုက်ပျိုးထားရှိရာ လွိုင်ကော်မြို့နယ် လွိုင်လင်လေး၊ ဒေါတနောနှင့် ကုန်းဆွတ်ကျေးရွာအုပ်စုများရှိ အစေ့ထုတ်ပြောင်း စိုက်ခင်းများ ဆီထွက် သီးနှံနေကြာ၊ မြေပဲနှင့် ပဲစဉ်းငုံသီးညှပ် စိုက်ခင်းများ၊ ဒေါတချားကျေးရွာအုပ်စုရှိ တောင်ယာစပါး စိုက်ခင်းများ၊ မြေပဲနှင့်ပဲစဉ်းငုံသီးညှပ် စိုက်ခင်းများအား ပေါင်းနှင့် ပိုးမွှားရောဂါ ကျရောက်မှု မရှိစေရေး ကွင်းဆင်းစစ်ဆေး ပညာပေးဆောင်ရွက်ခဲ့ပြီး သီးနှံများမှာ အောင်မြင်ဖြစ် ထွန်းလျက်ရှိကြောင်း သိရသည်။
အောင်ထွန်းလေး (ပြန်/ဆက်)