မြိတ် စက်တင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ(၂၄) ရက် စစ်ဆေးချက်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိသူ (၁)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၁၀)ဦးရှိခဲ့၍ (၂)ဦးဆေးရုံဆင်းခွင့်ရရှိခဲ့ကာ ၄င်းတို့(၂)ဦးကို Home Quarantine (၇)ရက် ဆက်လက်နေထိုင်လျက် ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ်တန့်ပြန်ရေးကော်မတီမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိသူ(၁)ဦးသည် ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့ဆက်ဆံခဲ့သူဖြစ် ၍ Quarantine Center ဝင်ရောက်ကာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိသူဖြစ်ပြီး ဓာတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ရာမှ ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဆေးရုံဆင်းခွင့်ရရှိသူနှစ်ဦးသည် ကျန်းမာရေးကောင်းမွန်ကြပြီး ပြည်သူ့ဆေးရုံတွင် ကျန်းမာရေး စောင့်ရှောက်မှုခံယူရင်း ကျန်းမာရေဝန်ကြီးဌာန၏ ဆေးရုံဆင်းခွင့် ညွှန်ကြား ချက်အတိုင်း စက်တင်ဘာလ(၂၄)ရက်တွင် ဆေးရုံဆင်းခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
“ ဆေးရုံဆင်းခွင့်ရရှိသူ(၂)ဦးက ဆေးရုံတက်ကတည်းက ဆင်းတဲ့အချိန်ထိကောင်းပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဆေးရုံဆင်းခွင့် ညွှန်ကြားချက် အတိုင်းဆောင်ရွက်ခဲ့ပါတယ်။ ရောဂါ ပိုးထပ်မံတွေ့ရှိသူတစ်ဦးက Quarantine Center မှာ နေကတည်းက ကျန်းမာရေး ကောင်းမွန်ပါတယ်။ ဆေးရုံရောက် တော့လည်း ကျန်းမာရေး ကောင်းမွန်ပါတယ်။ ဆေးရုံမှာ ရှိတဲ့ (၇)ယောက်လည်း သတ်မှတ်ရင်ပြည့်ရင် ဒီအတိုင်းဆိုရင် ဆင်းခွင့်ရမှာပါ။ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြပါတယ်။ ကိုဗစ်နဲ့ပတ်သက်တဲ့ ဖျားတာ နာတာ ချောင်းဆိုးတာမဖြစ်ရင် ပေါ့။ လက်ရှိအခြေအနေ(၇)ယောက်လုံးကောင်းပါတယ်။ မနေ့ကတက်တဲ့သူ လည်းကောင်းပါတယ်။ ဆေးရုံဆင်း တဲ့ သူတွေလည်း ကောင်းမွန်ပါတယ်” ဟု ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာမျိုးဝင်း က ပြောသည်။
ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိသူတစ်ဦး၏ ထိတွေ့ခဲ့သူများကို တာဝန်ရှိသူများက Quarantine Center သို့ ပို့ဆောင် ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိပြီး ရောဂါပိုးတွေ့ရှိသူများ နေထိုင်ကြသည့် လမ်း(၂)လမ်းကို အသွားအလာကန့်သတ်ဆောင်ရွက်ထားရှိ၍ ပြည်သူများမှ အစားအသောက်များ လှူဒါန်း ထောက်ပံ့ပေးလျက် ရှိကြပြီး ပရဟိတအဖွဲ့များ၊ အုပ်ချုပ်ရေးဖွဲ့များ က စောင့်ရှောက်ပေးလျက်ရှိကာ မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေး နှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )