ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်ရင်ပြင်ရှိ ဘေသဇ္ဇမုဒြာလာဘမုနိ ဝတ်ရည်ဓမ္မာရုံတော်ကြီး၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သော (ဒုတိယအကြိမ်) ဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူး ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သော(ဒုတိယအကြိမ်)‌မြောက် ဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉:၃၀ နာရီအချိန်က ပဲခူးမြို့ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်ရင်ပြင်ရှိ ဘေသဇ္ဇမုဒြာလာဘမုနိ ဝတ်ရည်ဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အစိုးရအဖွဲ့ဝန်ကြီးများ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး (ပဋ္ဌာနဘာဏကရွှေဂူကျောင်းဆရာတော်မှ) ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် ဘုရားပင့်ခြင်း၊ ပဋ္ဌာန်းတရားနာကြားရန် သမ္မာဒေဝနတ်ဗြဟ္မာများအား   ဖိတ်ကြားခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက်ရွှေမော်ဓောစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ပဲခူးမြို့၊ မြို့မစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဂန္ဓမာ အရှင်မြတ်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်တော်မူကြကာ ဩဝါဒကထာတရားအား နာယူကြည်ညိုကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများမှ ဩဝါဒါစရိယဆရာတော်ကြီးများထံ သင်္ကန်းစသော လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မည့်အကြောင်း ဥယျောဇဉ်ဂါထာဖြင့်(ပဋ္ဌာနဘာဏကရတနာပုံကျောင်းဆရာတော်က)    ဖတ်ကြားလျှောက်ထားပြီး ပင့်ဖိတ်ထားသော သံဃာတော်အရှင်မြတ်များမှ (ပဋ္ဌာန်းပစ္စယုဒ္ဒေသ)ပါဠိတော်ကို (၃)ကြိမ်ရွတ်ဆို၍ ဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်မှုကို စတင်ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ကကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များတို့အား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)