စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာစီးပွားရေးတက္ကသိုလ် (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနား တက်ရောက်

မုံရွာ ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာစီးပွားရေးတက္ကသိုလ် (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် အဆိုပါကျောင်းရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာစီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ဘွဲ့ရမောင်မယ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာစီးပွားရေး တက္ကသိုလ်ကြီးတွင် စီးပွားရေးပညာရပ်များကို သင်ယူတက်မြောက်ခဲ့ပြီးဖြစ်လို့ ထိုက်တန်သည့်ဘွဲ့အသီးသီးကို ရရှိသွားကြပြီဖြစ်သည့် ဘွဲ့ရမောင်မယ်များအား ဂုဏ်ပြုအမှာစကား ပြောကြားခွင့်ရသည့်အတွက် ဒီနေ့ဟာအလွန်ကျက်သရေမင်္ဂလာရှိသည့် နေ့တစ်နေ့ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့ မျှော်မှန်ကြိုးစားခဲ့ကြသည့် ရည်မှန်းချက် ပန်းတိုင်အသီးသီးကို ကောင်းစွာအောင်မြင် ရောက်ရှိ ခဲ့ကြပြီးဖြစ်လို့ မောင်တို့မယ်တို့နှင့်အတူ မိဘဆွေမျိုး၊ ဆရာသမား၊ မိတ်ဆွေတွေအားလုံး ကလည်း ဝမ်းမြောက်ဂုဏ်ယူနေကြမှာ ဖြစ်ပါသည်။

အမိမြန်မာနိုင်ငံတော်ကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဘက်စုံထောင့်စုံကနေ အားလုံးဝိုင်းဝန်းတည်ဆောက်နေကြတယ်ဆိုတာ မောင်တို့မယ်တို့အသိပဲ ဖြစ်ပါကြောင်း၊ ဒီလိုတည်ဆောက်ရာတွင် မောင်တို့မယ်တို့သည်လည်းအရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် တွေအဖြစ် ပါဝင်နေပါကြောင်း၊ အမိတက္ကသိုလ်ကြီးမှ သင်ကြားပေးလိုက်သည့် စီးပွားရေးပညာ ရပ်များကို လက်တွေ့ဘဝတွင် ကောင်းစွာအသုံးချပြီး နိုင်ငံတော်မှအားထားရသည့် စီးပွားရေး ပညာရှင်၊ အသိပညာရှင် အတက်ပညာရှင်များဖြစ်အောင် ကြိုးစားသွားကြရန်လိုပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်သည်ဖြစ်စေ၊ ကိုယ်ပိုင်စီးပွား ရေးလုပ်ငန်းများ လုပ်ဆောင်ကြသည်ဖြစ်စေ နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေကာ အများနှင့်အတူ ပူးပေါင်းညိနှိုင်းပြီး အတ္တဟိတ ပရဟိတမျှတအောင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာကြူက (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကျင်းပ ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပါမောက္ခချုပ်ထံ မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းအတွင်း ပြန်လည်ပြုပြင်နေသည့် ဆုတောင်းပြည့်စေတီတော်မြတ် ကြီးအတွက် ငွေကျပ် ၁၀ သိန်းအား ပေးအပ်လှူဒါန်းပြီး တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က မုံရွာစီးပွား တက္ကသိုလ်ကျောင်းအတွက် ငွေကျပ် ၁၀ သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာမဟာဘွဲ့(MBA)ဘွဲ့ရ ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တာဝန်ရှိသူများနှင့်အတူ ညစာအတူတကွ သုံးဆောင် ခဲ့ကြပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် ဧည့်ခံ ဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)