မြောင်းမြ ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က Book Club အဖွဲ့နှင့် ရေးသူ၊ ဖတ်သူ စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။ အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာ မြောင်းမြ-ထွဋ်မြတ် ရေးသားသည့် ဝတ္ထုတို၊ ဆောင်းပါးများဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ရာ ရှေးဦးစွာ Book Club အဖွဲ့ နာယက ဆရာကြီး ဦးခင်စိုးက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ Book Club အဖွဲ့ ဥက္ကဋ္ဌ ဦးညီညီဌေးက ဒီးဒုတ်ဦးဘချို ဆောင်းပါးဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်ဌေးဌေးဦးက တစ်ပင်တည်းရင်ထဲက မေတ္တာဝတ္ထုတိုဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့် က သမိန်လောက်ဖျား၏ ကျိုက်ဇလဲတော်ရွှေပြည် ဆောင်းပါးဖြင့်လည်းကောင်း ဆွေးနွေးကြပြီး၊ တက်ရောက်လာကြသူများက ဝတ္ထုတိုနှင့်ဆောင်းပါးပါ အကြောင်းအရာများကို ထင်မြင်ယူဆချက်များ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များ၊ ဝတ္ထုတိုနှင့်ဆောင်းပါးပါ အရေးအသားအသုံးအနှုန်းများ၊ ရည်ရွယ်ချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန် အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)