ကန့်ဘလူမြို့၌ (၂၃)ကြိမ်မြောက် မဟာရွှေစည်ကြီးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည်

ကန့်ဘလူ ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူခရိုင်ကန့်ဘလူမြို့၏ ကျက်သရေဆောင် မဟာရွှေစည်ကြီးစေတီတော် (၂၃)ကြိမိမြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို တပို့တွဲလဆန်း ၁၀ ရက်မှ လပြည့်နေ့ (ဇန်နဝါရီ ၃၀ ရက် မှ ဖေဖော်ဝါရီ ၄ ရက်)အထိ ကျင်းပမည်ဖြစ်ကြောင်း စေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။

ထိုသို့ကျင်းပရာတွင် ဇန်နဝါရီ ၃၀ ရက်နေ့မှစတင်၍ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ()ရက်တိုင်တိုင်ကျင်းပကာ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ပဌာန်းသိမ်အောင်ပွဲကျင်းပခြင်း၊ ဖေဖော်ဝါရီ ၄ ရက်နေ့နက် ဗုဒ္ဓါဘိသေကအနေကဇာတင် လှူပူဇော်ခြင်းနှင့်ဆရာတော် သံဃာတော်များအား အရုဏ်ဆွမ်းဆက် ကပ်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်များက အဆိုပါဘုရားပွဲတော်တွင် အနယ်နယ်အရပ်ရပ်တို့မှ ဘုရားပွဲလာရောက် ကြသော ပြည်သူများအား အခမဲ့မျက်စိ စမ်းသပ်ခွဲစိတ်ကုသပေးခြင်း၊ စျေးဆိုင်ခန်းပေါင်း ၁၅၀၀ ကျော်ဖြင့် စျေးရောင်းပွဲ တော်ကျင်းပခြင်း၊ ထမနဲထိုးပြိုင်ပွဲ၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ခြင်းအလှခတ်ခြင်း၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ရုပ်ရှင်မိုးအလင်းပြသခြင်း၊ ဇာတ်အငြိမ့်ပွဲများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ ပန်း ၉၀၀၀၊ သစ်သီး ၉၀၀၀၊ ဆီမီး ၉၀၀၀ ဆက်ကပ်ထွန်းညှိပူဇော်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ရေစက်ချအမျှဝေခြင်းနှင့်ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူတန်းခြင်းစသည့် အစီအစဉ်များဖြင့် စည်စည် ကားကားကျင်းပခဲ့ကြောင်း သိရသည်။

ဘုရားပွဲတော်ကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယခုနှစ်အပါအဝင် စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်သည်မှာ သုံးနှစ်ရှိသွားပြီဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)