ကျုံပျော် ဇန်နဝါရီ ၂၁
ပညာရေးကဏ္ဍ မြင့်မားတိုးတက်စေရန်၊ ဘက်စုံထူးချွန် ကျောင်းသား၊ ကျောင်းသူများ ပိုမိုပေါ်ထွန်းလာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အထက(၁) ကျောင်းသား၊ ကျောင်းသူလေးများက မြတ်ပညာသီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်ပြီး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းမင်းနိုင်က အဖွင့်အမှာစကား ပြောကြားကာ၊ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးသန်းဦးက စုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော်အဆင့် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု သင်တန်းတွင်ဆုရရှိသော ကျောင်းအုပ် ဆရာကြီး၊ နိုင်ငံတော်အဆင့်သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူနှင့် မြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ နိပွန်ဖောင်ဒေးရှင်းမှပြုလုပ်သော ဆောင်းပါး ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ ၂၀၂၂-၂၀၂၃ အခြေခံပညာ ကျောင်းသားအားကစားပွဲတော် မြို့နယ်အဆင့် ဘောလုံး၊ ဘောဘီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ် စသည့်အားကစားနည်းများ၌ ထူးချွန်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူ ဖျော်ဖြေရေးအဖွဲ့များက တေးသီချင်းအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ အထက(၁)ကျောင်းသား၊ ကျောင်းသူလေးများက ပညာ့ဗိမာန်သီချင်းသီဆိုကာ အခမ်းအနားအား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း၊ အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ဆရာမများ၊ ကျောာင်းသား၊ ကျောင်းသူများ၊ မိဘများ စုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)