တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်ခြင်း အခမ်းအနား ဖလမ်း၌ကျင်းပ

ဖလမ်း      ဖေဖော်ဝါရီ       ၂၉

တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် အခွင့်အရေးများကို သိရှိနိုင်ရန်နှင့် ကာကွယ်စောင့်ရှောက်ရာတွင် နိုင်ငံတော်၏ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရးအတွက် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီခွဲက ဖလမ်းမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ချင်းပြည်နယ် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ပြည်နယ်တာဝန်ခံအရာရှိ ဦးထန်မွမ်းခိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံသားဥပဒေ၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဥပဒေနှင့် ဆက်စပ်ဥပဒေများပါ တိုင်းရင်းသားအခွင့်အရေးများကို Power Point ဖြင့်လည်းကောင်း၊ ဖလမ်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်လွင်မေသိန်းက ကလေးသူငယ်၊ အမျိုးသမီးနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် လူငယ်ရေးရာမူဝါဒများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။ ယင်းနောက် တိုင်းရင်းသားဒေသများ၏ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်ခြင်း စစ်တမ်းမေးခွန်းများကို တက်ရောက်လာကြသူများ က ဖြေဆိုကြသည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ စာပေနှင့် ယဉ်ကျေးမှုကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြကြောင်းသိရသည်။

တလွန်းအာ(ပြန်/ဆက်)