ဂန့်ဂေါ စက်တင်ဘာ ၂၅
ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်တွင် လိုင်းကားများ ထွက်ရှိမှု မရှိသော်လည်း စာတိုက်ဖြင့်ဆက်သွယ်ဆောင်ရွက်ရသည့် ပြည်သူများ အဆင်ပြေနိုင်ရန် မြန်မာ့စာတိုက်လုပ်ငန်း ဂန့်ဂေါစာတိုက်သည် စက်တင်ဘာလ လယ်ပိုင်းမှစတင်ကာ ချောစာသယ်ယူမှုအပါအဝင် စာတိုက်လုပ်ငန်းများကို ပုံမှန် အတိုင်းဖြစ်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ “ကျွန်မတို့က လိုင်းကားတွေမရှိတော့ အခြေခံစားကုန်တွေ သယ်ယူ ပို့ဆောင်ကြတဲ့ ကုန်ကားများနဲ့ချိတ်ဆက်ပြီး ချောအိပ်တွေတင်ပါတယ်၊ အဓိကအနေနဲ့ မန္တလေးနဲ့ ထီးလင်း စာတိုက်များနဲ့ ဆက်သွယ်ဆောင်ရွက်ပါတယ်၊ မန္တလေးစာတိုက်ကြီးက ကုန်ကားနံပါတ် ဘယ်လောက်နဲ့ တင်ပို့ လိုက်တယ်ဆိုရင် ဆက်သွယ်ရယူပါတယ်၊ ဂန့်ဂေါကနေပို့တဲ့အခါလဲ ဒီလိုပဲ ဆက်သွယ်ဆောင်ရွက်ပါတယ်၊ စာတိုက်ကိုအားကိုးတဲ့ပြည်သူတွေအခက်အခဲမဖြစ်အောင် ရှေ့တစ်လှမ်းတိုးပြီး ဆောင်ရွက်ပေးနေပါတယ်” ဟု ဂန့်ဂေါစာတိုက်မှ ဒုတိယကြီးကြပ်ရေးမှူး ဒေါ်ခင်မာရီ က ပြောသည်။
ဂန့်ဂေါစာတိုက်မှ တံဆိပ်ခေါင်းရောင်းချပေးခြင်း၊ မှတ်ပုံတင်စာ၊ မှတ်ပုံတင်ချောထုပ်၊ ငွေပို့လွှာ၊ အမြန်ငွေပို့လွှာ ၊ အိုကေဝန်ဆောင်မှုလုပ်ငန်း ၊ ဖုန်းဘီလ်လက်ခံဆောင်ရွက်ခြင်း စသည်တို့ကို ပုံမှန်အတိုင်း ရုံးချိန်တွင် လက်ခံဆောင်ရွက်ပေးလျက် ရှိနေသည့်အပြင် စာတိုက်သို့လာရောက်သူများ နှာခေါင်းစည်းတပ်ဆင်၍ လာရောက်ကြရန်လည်း နှိုးဆော်ထားကြောင်း သိရသည်။
တောင်သားမောင်သန်း