ကော့ကရိတ်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းပြုလုပ်

                                                                         ကော့ကရိတ်မြို့ဇန်နဝါရီ    ၂၀   
လူငယ်များ ဘတ်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံရေး၊ အသိပညာဗဟုသုတရရှိတိုးပွားစေရေးနှင့် ဉာဏ်ရည်ဉာဏ်သွေးများဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေး၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးသည့် အလေ့အထများရရှိစေရေး၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေး၊စဉ်းစားတွေးခေါ်တက်စေရေးရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (သီရိရတနာခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အထက(၁)​ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်အေးမာကအဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်လေးနွယ်က လူငယ်စကားဝိုင်းများကျင်းပပြုလုပ်ပေးခြင်းသည် လူငယ်များအနေဖြင့်အသိပညာဗဟုသုတများရရှိစေရေး လူအများရှေ့မှောက်တွင်ပြောရဲ၊ ဆိုရဲသည့်သတ္တိရှိစေပြီး နုတ်မှုစွမ်းရည်များတိုးတက်စေရေးရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပရခြင်းဖြစ် ကြောင်းရှင်းလင်းပြောကြားသည်။ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်လေးနွယ်က  ညှိနှိုင်းရေးမှူးအဖြစ်ဆောင်ရွက်၍ ကျောင်းသား/သူများဖြစ်ကြသော မောင်မြတ်ဖြိုးမင်းက လူငယ်နှင့် မူးယစ်ဆေး၊ မောင်မင်းကျော်ခန့်မင်း ကလူငယ်နှင့်ကျန်းမာရေး၊ မနန်းသဇင်ဦးက လူငယ်နှင့်ဂီတ၊ မမြတ်နိုးရတီက လူငယ်နှင့်ပညာရေး စသည့်ခေါင်းစဉ်များဖြင့်  ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့်ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။   

ယင်းနောက် စကားဝိုင်းကိုဦးဆောင်ဆွေးနွေးပေးသူများနှင့် မေးမြန်းကြသည့်ကျောင်းသူ/ကျောင်းသားများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အထက(၁) ကျောင်းအုပ်ဆရာမကြီးတို့က အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသောနံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ကျောင်းသားကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်းသိရှိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)

============================================