သံတောင်ကြီးဒေသတွင် တံမြက်စည်းများ ချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

သံတောင်ကြီး ဇန်နဝါရီ ၂၀

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ယခုကာလ အချိန်တွင် တောတောင်များ၊ တောင်ကုန်းတောင်တန်းများ  သံတောင်-သံတောင်ကြီး ကားလမ်းဘေးဝဲယာများ၊ နေအပူချိန်မြင့်သော နေရာများနှင့် တောင်ယာဒေသများတွင်  သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော တံမြက်စည်းပင်များကို ဒေသခံပြည်သူများက စတင် ချိုးယူရောင်းချကာ  မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

တံမြက်စည်းပင်များသည် သံတောင်-သံတောင်ကြီးမြို့ရှိ ကားလမ်းဘေးဝဲယာများတွင် နေရာကွက်၍ ပေါက်ရောက်ပြီး တောင်ယာများ၊ ဥယျာဉ်ခြံများတွင် အစုလိုက် ပေါက်ရောက်လျက်ရှိရာ ဒေသခံပြည်သူများသည် တံမြက် စည်းပင်များကို ချိုးယူပြီး သံတောင်ကြီးမြို့ရှိ တံမြက်စည်း ဝယ်ယူသူများထံသို့ ရောင်းချကြသည်။

ဒေသခံပြည်သူများက တံမြက်စည်းများကိုချိုးယူကာ ဝယ်လက်များထံသို့ ရောင်းချရာတွင် အချောင်းတစ်ရာ တစ်စီးလျှင် ကျပ်(၅၀၀) မှ ကျပ်(၇၀၀) အထိလည်းကောင်း၊ တံမြက်စည်းများကို    အခြောက်လှန်းကာ အပွင့်မှုန်များအား ရိုက်ချွေပြီး  အိမ်သုံးတံမြက်စည်းချောများ ပြုလုပ်ပြီး ပြန်လည်ရောင်းချရာတွင် တံမြက်စည်းတစ်ချောင်းကို ကျပ် (၁၇၀၀မှ ကျပ် (၂၀၀၀)ထိ ရရှိကာ မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

နော်နော်မူ