ငဖဲ ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့မရပ်ကွက် ချင်းစုရပ်ကွက်သည် မန်းချောင်းနံဘေးတွင် တည်ရှိပြီး အရှေ့ဘက်ကိုင်းမြေနှင့် လယ်မြေများတွင် မြေအောက်ရေဖြင့် ရာသီအလိုက်သီးနှံများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိကြရာ ယခုနှစ်ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် မိုးစပါးများ ရိတ်သိမ်းအပြီး မေမြို့(ချင်းမိုင်)ပန်းများ စိုက်ပျိုးရောင်းချရာ အောင်မြင်ဖြစ်ထွန်း၍ မိသားစုပုံမှန်ဝင်ငွေရရှိနေကြောင်း ပန်းစိုက်တောင်သူ ဦးအောင်ကြည်ထံမှ သိရသည်။
ယခုနှစ်မိုးစပါးများ ရိတ်သိမ်းခြွေလှေ့အပြီးတွင် နွေစပါးမစိုက်တော့ဘဲ မိမိ၏လယ်မြေ တစ်ဧကတွင် မေမြို့(ချင်းမိုင်)ပန်းကို မြေအောက်ရေသွင်းကာ စိုက်ပျိုးရောင်းချကြောင်း၊ ယခင်နှစ်မှာ ပန်းပင်မှမျိုးစေ့ချန်ထားပြီး စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ မေမြို့(ချင်းမိုင်)ပန်းများနှင့်အတူ ဟော်လန်သစ္စာပန်းနှင့် ထိုင်ဝမ်ခရမ်းချဉ်များကို စိုက်ပျိုးထားရှိကြောင်း၊ ဆောင်းသီးနှံပေါ်စ ခရမ်းချဉ်သီး တစ်ပိသာလျှင် ငွေကျပ် ၂၀၀၀ နှုန်း၊ မေမြို့ပန်း တစ်ပင်လျှင် ငွေကျပ် ၁၀၀ နှုန်းနှင့် ဟော်လန်သစ္စာပန်းတစ်ပင်လျှင် ငွေကျပ် ၂၀၀ နှုန်းဖြင့် ဖောက်သည်ဈေးပေးသွင်းရောင်းချရကြောင်း၊ ဆောင်းသီးနှံများနှင့် မေမြို့(ချင်းမိုင်)ပန်းများကို နေ့စဉ် ငွေကျပ် သုံးသောင်းဖိုးခန့် ဖောက်သည်ပေးရောင်းချရ၍ အဆင်ပြေကြောင်း၊ လယ်မြေတစ်ဧကကို ဆောင်းသီးနှံများနှင့် မေမြို့ပန်းများ စိုက်ပျိုးရောင်းချပြီးလျှင် မိုးစပါးများ ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ငဖဲမြို့ ချင်းစုရပ်မှ တောင်သူ ဦးအောင်ကြည်က ပြောကြားသည်။
ငဖဲမြို့နယ်တွင် မြို့မရပ်ကွက်၊ ချင်းစုရပ်ကွက်၊ အိုးမြေတွင်းကျေးရွာနှင့် ပန်းထိမ်းကျေးရွာများတွင် မြေအောက်ရေနှင့် မန်းချောင်းရေကို အသုံးပြု၍ လယ်မြေ၊ ကိုင်းမြေများတွင် တစ်နိုင်တစ်ပိုင် ရာသီအလိုက် ဟင်းသီးဟင်းရွက်များ၊ မေမြို့ပန်း၊ သစ္စာပန်းနှင့် ဂန္ဓမာပန်းများကို စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)