ဒေးဒရဲ ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ နံနက် (၁၁)နာရီတွင် ကျုံဒါးချောင်းကျေးရွာ၊ ကျောင်းသစ်ဘုန်းတော်ကြီးကျောင်းတွင် လိပ်ကျွန်းကျေးရွာအုပ်စု၊ ကျုံပေါ်ကျေးရွာအုပ်စုနှင့် ကျွန်းညိုကြီးကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မိမိရပ်ရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျေးရွာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားကြရန်၊ ရပ်ရွာသန့်ရှင်းသာယာရေးစုပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးမွန်မြတ်သူစိုးက ပြည်သူများအား ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ ဆွေးနွေးခြင်းနှင့် အတွင်းရေးမှူးရဲမှူးသက်နိုင်ဦးက တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ၊ ရပ်ကွက်၊ ကျေးရွာလုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးခဲ့ရာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ဆိုလာစနစ်ဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းများ၊ ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပေးနိုင်ရေး၊ ကျေးလက်ဒေသရှိပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ နွေစပါး စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ ဓာတ်မြေသြဇာ၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးစသည့် သွင်းအားစုများ စျေးနှုန်းချိုသာစွာရရှိနိုင်ရေးနှင့် ရပ်ရွာမီးဘေးလုံခြုံရေးကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးစသည့်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ၏ တင်ပြလာမှုများ အခက်အခဲများကို သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အဖွဲ့သည် ကျုံဒါးချောင်းကျေးရွာအုပ်ချုပ်ရေးရုံးသစ် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုး၊ အတွင်းရေးမှူး ရဲမှူးသက်နိုင်ဦးနှင့် ကျုံဒါးချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးနိုင်တို့က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဆိုင်းဘုတ်အားအမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း