ပွင့်ဖြူ ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူသီးနှံဝင်ငွေ တိုးပွားစေရန်အတွက် ထောပတ်ပဲသီးနှံ ၇၇၃၂ ဧက စိုက်ပျိုးပြီးစီးခဲ့သဖြင့် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပဲမျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ထောပတ်ပဲသီးနှံဧက ၇၆၄၀ ဧက လျာထားစိုက်ပျိုးခဲ့ရာမှာ မြေပြင်စိုက်ပျိုးပြီးစီးမှု ၇၇၃၂ ဧက စိုက်ပျိုးနိုင်ခဲ့လို့ သတ်မှတ်လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။ ထောပတ်ပဲသီးနှံစိုက်ပျိုးခြင်းကိုတော့ အောက်တိုဘာလဆန်းပိုင်းကစပြီး စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ ကျွန်မတို့ဒေသက စိုက်ပျိုးရေအဆင်ပြေတာရယ်၊ ရာသီဥတုလဲ မျှတကောင်းမွန်ပြီး စိုက်ပျိုးမြေတွေလဲ ကောင်းမွန်တာကြောင့် ထောပတ်ပဲသီးနှံစိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းရှိတယ်။ ဒါ့အပြင် ရောင်းချရာမှာလဲ ဈေးကောင်းရရှိတာကြောင့် ဒေသခံတောင်သူတွေက နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ထောပတ်ပဲသီးနှံကို အားထား စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းမှာ အဓိကအကျဆုံးက သီးနှံအရည်အသွေး ကောင်းမွန်ရေး မျိုးကောင်း၊ မျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်း၊ GAP စနစ်နဲ့ စိုက်ပျိုးခြင်း၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရာ၌ သဘာဝပိုးသတ်ဆေး ထုတ်လုပ်အသုံးပြုခြင်း၊ အချိန်မီ ရိတ်သိမ်းခြင်း စတဲ့ နည်းစနစ်များကို စနစ်တကျ လိုက်နာဆောင်ရွက်မယ်ဆိုရင် အောင်မြင်ဖြစ်ထွန်းမှုရှိပြီး သီးနှံအထွက်နှုန်းလဲ ကောင်းမွန်စေမှာ ဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ထောပတ်ပဲသီးနှံဧက ၇၆၄၀ လျာထား စိုက်ပျိုးခဲ့ပြီး ဒေသခံတောင်သူများ၏ ကြိုးပမ်းစိုက်ပျိုးခဲ့မှုကြောင့် သတ်မှတ်လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရကာ အချို့တောင်သူများက ထောပတ်ပဲသီးနှံစိုက်ပျိုးရာ၌ သီးနှံအပိုဝင်ငွေ ရရှိစေရန် သီးညှပ်အဖြစ် ဖူးစားပြောင်းသီးနှံနှင့် ရောနှောစိုက်ပျိုးကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)