ပုသိမ် ဇန်နဝါရီ ၁၉
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧရာရွှေဝါအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့်ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမည့်အပြင် ဂုဏ်သိက္ခာထိခိုက်ကျဆင်း စေနိုင်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သိရှိရှောင်ကြဉ်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြားယုံကြည်မှု တည်ဆောက်ရာတွင်အရေးပါသည့် ပေါင်းကူးတံတားသဖွယ် ဖြစ်သည့်အတွက် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ/တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာဖြင့် မျှတစွာဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သန့်ရှင်းသည့်အစိုးရ၊ ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်တစ်ခုကို အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့်သာ အကောင်အထည်ဖော် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းက အဂတိလိုက်စားမှုသည် ကမ္ဘာ့နိုင်ငံအားလုံး ကြုံတွေ့နေရသည့် အခြေအနေဖြစ်သည့်အတွက် ၂၀၀၃ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး သဘောတူညီချက် (United Nations Convention Against Corruption -UNCAC) ကို ချမှတ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ်တွင် ၁၆၅ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုခဲ့ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ကော်မရှင်အဖွဲ့နှင့် ကော်မရှင်ရုံးကို ၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုများကို မဟာဗျူဟာရည်မှန်းချက်များချမှတ်၍ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများကိုပိုမိုထိရောက် လွှမ်းခြုံဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၉ ခုနှစ်မှစ၍ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ Corruption Prevention Unit - CPU များကို ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန်ထိ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန/အဖွဲ့အစည်း (၃၈) ခုနှင့် တိုင်းဒေသကြီး/ ပြည်နယ် (၁၄) ခုရှိအစိုးရအဖွဲ့များတွင် ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ ၎င်းအပြင် အများပြည်သူထံမှ တုံ့ပြန်မှုရယူ ခြင်းအစီးအစဉ် Public Feedback Programme-PFP နှင့် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်ခြင်းCorruption Risk Assessment -CRA ကိုလည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရန်အတွက် ကျင့်ဝတ်များထိန်းသိမ်းလိုက်နာစေရန်နှင့် ဖြောင့်မတ် တည်ကြည်သော အနာဂတ်ကိုတည်ဆောက်နိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ EDU-tinment အစီအစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာကြေညာချက်ကို (၂၀၁၈) ခုနှစ်တွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရန် အခြေခံခိုင်မာသော လုပ်ငန်းဆိုင်ရာကျင့်ဝတ်များ ရေးဆွဲနိုင်ရေး အခြေခံအချက်များသတ်မှတ်ခြင်း အမိန့်ကြော်ငြာစာ (၁၄/၂၀၁၈) ကိုထုတ်ပြန်ခဲ့ပါကြောင်းနှင့် ကော်မရှင်အနေဖြင့် တိုင်ကြားစားများအပေါ် အရေးယူဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆောင်ရွက်ရာတွင် ကော်မရှင်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များတက်ရောက်ကြပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာများကို ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) မှ အဖွဲ့ဝင်များအား ဆက်လက်ပို့ချ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)