မြိတ် စက်တင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အများပြည်သူ စားသောက်ရန် ရောင်းချနေသည့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ အဖျော်ယမကာ ဆိုင်များကို ဆိုင်ထိုင် စားသောက်ရောင်းချခြင်းမပြုရန်နှင့် ပါဆယ်စနစ်ဖြင့်သာရောင်းချရန် ညွှန်ကြားချက်များအား လိုက်နာမှု ရှိမရှိကို ယမန်နေ့ ညနေပိုင်းက ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ လိုက်လံစစ်ဆေးခဲ့ကြသည်။
“ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များကို ပါဆယ်နဲ့ ရောင်းချဖို့ အကြောင်းကြားထားတာရှိပါတယ်။ ဒါပေမယ့် အများစုကလိုက်နာ ဆောင်ရွက်ပြီး အနည်းစုက လိုက် နာဆောင်ရွက်မှု အားနည်းတာတွေ့တဲ့အတွက်ကြောင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့တာပါ။ ကွင်းဆင်းစစ်ဆေးရာမှာ လိုက်နာမှု အားနည်းတဲ့ ဆိုင်(၁၆)ကို ထုတ်ပြန်ထားတဲ့အမိန့်အတိုင်း (၃)ရက်ဆိုင်ပိတ် သိမ်းပြီးတော့ ဆိုင်ပြန်ဖွင့်ရင်လည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ခံဝန်လက်မှတ်ရေးထိုးစေခဲ့ပါတယ်” ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကြည်စိုးက ပြောသည်။
“အများပြည်သူစားသောက်ရန် ရောင်းချနေသောအရက်ဖြူဆိုင်များနှင့် ဘီယာ/ဝိုင်၊ နိုင်ငံခြား အရက်မျိုးစုံကို ကောင်တာဖွင့်၍ရောင်းချနေသည့် စားသောက်ဆိုင်များ အနေဖြင့် ဆိုင်ဥပစာ အတွင်း၌ လည်းကောင်း၊ ဆိုင် ဥပစာပြင်ပ၌လည်းကောင်း စားသုံးသူများအား ဆိုင်ထိုင် စားသောက်စေခြင်း၊ တည်ခင်းရောင်းချခြင်းများလုံးဝ (လုံးဝ)မပြုလုပ်ရန်” တားမြစ်ချက်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စက်တင်ဘာလ(၁၈)ရက်နေ့ တွင် ထုတ်ပြန်ထားရှိပြီး “ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအတွင်းတွင် ဆိုင်ထိုင်စားသောက်ခြင်း၊ ဆိုင်အနီး အနားတွင် စုဝေးစားသောက်ခြင်းတို့မပြုစေဘဲ ပါဆယ်စနစ်ဖြင့်သာရောင်းချရန်” စက်တင်ဘာလ(၂၂) ရက်နေ့ တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ပြန်ထားရှိကာ အစားအသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား အကြောင်းကြားထားကြောင်း သိရသည်။
အများပြည်သူစားသောက်ရန် ရောင်းချနေသည့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ အဖျော် ယမကာဆိုင်များကို ဆိုင်ထိုင်စားသောက်ရောင်းချခြင်း မပြုရန်နှင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြား ချက်များအား လိုက်နာမှု ရှိမရှိကို ပူးပေါင်းအဖွဲ့မှ ဆက်လက်ကြပ်မတ် ရှောင်တခင် စစ်ဆေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )