ကဝ ဇန်နဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Youth Club) လူငယ်အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာနတ်သျှင် (ရွှေဂူ) ၏ "လူငယ်များကို ပျိုးထောင်ပေးပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး (Youth Club) လူငယ်အဖွဲ့အဖွဲ့ဝင် ကိုရှိုင်းထက်ဦးက စာရေးဆရာ နတ်သျှင် (ရွှေဂူ) ၏ "လူငယ်များကိုပျိုးထောင်ပေးပါ" စာအုပ်မှ "စာဖတ်ခြင်း အတတ်ပညာ" ခေါင်းစဉ်တွင်ပါရှိသော ယနေ့ခေတ် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအရပ်ရပ်တွင်နေထိုင်ကြသော လူသားတို့သည် အတတ်ပညာများကို သင်ယူနေကြရကြောင်း၊ သင်ယူထားတဲ့အတတ်ပညာရပ်များဖြင့် ဘဝရပ်တည်ရေး၌ ပြန်လည်အသုံးပြုကြကြောင်း၊ စားရေး၊ ဝတ်ရေး၊ နေရေးအတွက် အတတ်ပညာသည် မရှိမဖြစ်လိုအပ်ကြောင်း၊ လိုအပ်ချက်ပေါင်းများစွာအတွက် အစွမ်းကုန်ကြိုးစားနေကြသော လူသားတို့သည် ပြင်ပရုပ်ဝတ္ထုများနောက်ကို အလိုက်လွန်ကာ ကိုယ်ကျင့်တရား၊ အသိဉာဏ်၊ အတွေးအခေါ်တို့ကျဆင်းလာကြောင်း၊ စာဖတ်ခြင်း အတတ်ပညာကို သင်ယူဖို့မေ့လျော့နေကြကြောင်း၊ စာအုပ်၊ စာပေဟူသည် မိမိနှင့် မသက်ဆိုင်သည့်ပမာ လေ့လာဖတ်ရှုရာ၌ လွန်စွာအားနည်းကြောင်း၊ စာဖတ်ခြင်းအလေ့အထကို မွေးမြူသောသူတို့သည် စာမဖတ်သော သူတို့ထက် အတွေးအခေါ်၊ အယူအဆ ထက်မြက်သာလွန်ကြောင်း၊ ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်အောင် နေထိုင်တတ်ပြီး ဘဝအောင်မြင်ရေးကြိုးစားရာ၌ အမှားနည်းကြကြောင်း၊ ဦးဆောင်ဆွေးနွေးကာ ဆွေးနွေးပွဲသို့တက်ရောက်လာသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)