ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကလေးများ ကျန်းမာကြံ့ခိုင်စေရန်နှင့် ဉာဏ်ရည်မြင့်မားလာစေရန် ပြိုင်ပွဲများကျင်းပ

ကဝ ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကလေးများကျန်းမာကြံ့ခိုင်စေရန်နှင့် ဉာဏ်ရည်မြင့်မားလာစေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက ကျောင်းသား/ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်၊ ဉာဏ်သွေး တိုးတ​က်ထက်မြက်လာစေရန်၊ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်ပြီး ပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ စာဖတ်သည်အလေ့အထများရရှိစေရန်၊ စာကိုအသံထွက် မှန်ကန်စွာနှင့် အဖြတ်အတောက်မှန်ကန်စွာဖတ်တတ်စေရန်၊ စဉ်းစားတွေးခေါ်မှုမြင့်မားလာစေရန်၊ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများက ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ်(၁)တွင် ပါရှိသော ဒေါက်တာလွင်သန့်ရေးသားထားသည့် "အစာအိမ်နှင့် အူလမ်းကြောင်းရောဂါများအကြောင်း" ခေါင်းစဉ်ဖြင့် စာဖတ်စွမ်းရည် ယှဉ်ပြိုင်ခြင်း၊ စကားပုံဆက်ခြင်းနှင့် ဖားခုန်ခြင်းအားကစားနည်းများတို့ဖြင့် တစ်ပျော်တစ်ပါး ဝင်ရောက်ယှဉ်ပြိုင်ကြရာ၊ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများအား အအေးဘူးများနှင့် အာဟာရမုန့်များကျွေးကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)