အိမ်မဲ ဇန်နဝါရီ ၁၉
နိုင်ငံတော်မှ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီပညာရေး ကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား၊ကျောင်းသူများကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန် ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်း နိုင်ကြစေရန် ရည်ရွယ်ချက် တို့ဖြင့် ယမန်နေ့နံနက် ၁၀နာရီ ၃၀မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကြို့ကုန်းကျေးရွာအ.ထ.က ကြို့ကုန်းကျောင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ပညာရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် စာဖတ်ခြင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အိအိမျိုးကလူငယ်နှင့်အားကစား၊ အားကစားနည်း (၄)မျိုး အကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဝင့်ဝါဝင်းထွဋ် က ကလေးအလုပ်သမား ပပျောက်ရေး၊ လူငယ်နှင့် မူးယစ်ဆေးဝါးခေါင်းစဉ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးလေးလွင်က စားသုံးရန်မသင့်သော အစားအစာများ ခေါင်းစဉ်များဖြင့် အသီးသီးအကျယ်တဝင့် ဟောပြောခဲ့ ကြသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ ရရှိစေမည် စာအုပ်များကို ပြသထားရှိရာ အ.ထ.က ကြို့ကုန်းကျောင်းမှ ဆရာ၊ ဆရာမ များကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့သည်။
အဆိုပါဟောပြောပွဲသို့ အ.ထ.က ကြို့ကုန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀၀)ဦးကျော်မှ စိတ်ပါဝင်စားစွာတက်ရောက်နားထောင်ခဲ့ကြသည်။
ချစ်သက်လယ်(အိမ်မဲ)