စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြေနီကုန်းကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ(စတုတ္ထအကြိမ်) ထုတ်ချေး

စေတုတ္တရာ စက်တင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီး ဌာနမှ မြေနီကုန်းကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ(စတုတ္ထအကြိမ်)ကို  စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊အရောင်းအဝယ်နှင့်အသက်မွေးဝမ်းကြောင်းလုပ်ငန်း လုပ်ကိုင်မည့် တောင်သူ (၁၈၀)ဦးအား ကျေးရွာ စုရပ်ဆောင်တွင် ယမန်နေ့နေ့လယ်ပိုင်းက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြေနီကုန်းကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ (စတုတ္ထ အကြိမ်) ကို ထုတ်ချေးရာတွင် ကျေးရွာအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်မည့် တောင်သူ(၇၈)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်မည့် တောင်သူ(၆၀)ဦး၊ ရေလုပ်ငန်းလုပ်ကိုင်မည့်သူ(၁၅)ဦး၊ အရောင်းအဝယ် လုပ်ကိုင်မည့် တောင်သူ(၂၁)ဦးနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်း လုပ်ကိုင်မည့် တောင်သူ(၆)ဦး စုစုပေါင်းတောင်သူ(၁၈၀)ဦးအား မြစိမ်းရောင်ရန်ပုံငွေချေးငွေ ကျပ်(၃၄၆)သိန်းအား မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဇော်ထွန်းနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးကာ မြစိမ်းရောင်ချေးငွေများအား နေ့ချင်းပြီး ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးလက်ဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကိုလျှော့ချရန်၊ တိုးပွားလာသော ရန်ပုံငွေ များဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ကျေးလက်နေပြည်သူလူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေရန် နှင့်မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက တုန့်ပြန်မှုအားကောင်းသော လူမှုအဖွဲ့ အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)