ပူတာအို စက်တင်ဘာ ၂၅
နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလစီးပွားရေး ကုစားမှုအစီအစဉ် Covid-19 Economic Relief Plan(CERP)အရ ကျေးလက်ဒေသနေ မိသားစုများ၀င်ငွေလျော့နည်းလာမှုနှင့် စား၀တ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန ကချင်ပြည်နယ် ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash For Workစီမံကိန်းဖြင့် ကျေးရွာငါးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပူတာအိုမြို့နယ်အတွင်း Cash For Work စီမံကိန်းငါးရွာတွင် ထောက်ပံ့ရန်ပုံငွေ တစ်ရွာလျှင် ကျပ်သိန်း (၁၀၀)စီ စုစုပေါင်း ငွေကျပ်သိန်း(၅၀၀)ဖြင့် မန်ပန်ကျေးရွာတွင် ကျေးရွာတွင်း ရေနှုတ်မြောင်း ပြုပြင်ခြင်းနှင့် ရေပြွန်(၁၁)ခု တည်ဆောက်ခြင်းလုပ်ငန်း၊ ဖန်ခိုင်(၁)ကျေးရွာတွင် ကျေးရွာတွင်း ရေနှုတ်မြောင်း ပြုပြင်ခြင်းလုပ်ငန်း၊ ဆထီလော်(၂) ကျေးရွာတွင် ကျေးရွာပိုင်စားကျက်မြေ ခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊ ဆထီလော်(၃) ကျေးရွာတွင် ရွာတွင်း သဲကျောက်လမ်း ပြုပြင်ခြင်းနှင့် ရေပြွန်(၁)ခု တည်ဆောက်ခြင်း လုပ်ငန်း၊ နမ်ရှယ်စွပ်ကျေးရွာတွင် ကျောင်းခြံစည်းရိုး ကာရံခြင်းလုပ်ငန်း စုစုပေါင်း လုပ်ငန်းငါးခုတို့ကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လိုအပ်သော နည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် လုပ်ငန်းအကောင်အထည်ဖော် ပြီးစီးခဲ့ခြင်းဖြစ်သည်။
အဆိုပါလုပ်ငန်းများကို ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ကျေးလက်နေ ပြည်သူများတွေ့ကြုံရသော စီးပွားရေး အခက်အခဲများကို ဖြေရှင်းရန်အတွက် ယင်းကျေးရွာများမှ ဒေသခံပြည်သူများအား ၀င်ရောက် လုပ်ကိုင်စေ၍ ကိုဗစ်ကာလတွင် ၀င်ငွေရရှိစေရန် လုပ်အားခပေးချေခြင်း စနစ်ဖြင့် ဇူလိုင်(၂၃)ရက်မှစတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ (၁၆)ရက်တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ဖုန်ကန်(ပြန်/ဆက်)