ငဖဲမြို့နယ် မင်းလွင်ကျောင်းကုန်း အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်ကလေးစာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်

ငဖဲ ဇန်နဝါရီ ၁၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် လူငယ်ရေးရာအကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက မင်းလွင်ကျောင်းကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ် မင်းလွင်ကျောင်းကုန်း အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သဲသဲမာက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံဒေါ်သင်းသင်းအေးက ကျောင်းသားကျောင်းသူများ ကျန်းမာကြံ့ခိုင်စေရန်အတွက် အားကစားနည်းများကို လေ့လာလိုက်စားကြရန်၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ခေါင်းဆောင်မှုဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြတ်မြတ်မော်က နယ်လှည့်အသိပညာပေးလှုပ်ရှားဆောင်ရွက်မှုအခြေအနေများ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး သိကောင်းစရာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့်ရရှိနိုင်သော စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို လည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်း-၄ ဒေါ်နှင်းနွယ်အောင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာများကို ကျောင်းသားကျောင်းသူများအား အသိပညာပေးပြောကြားကာ မြို့နယ်အား/ကာဦးစီးဌာနမှ ကျောင်းသား/သူများအတွက် ပိုက်ကျော်ခြင်းလုံးနှင့် ဘောလီဘောတစ်လုံးတို့ကိုပေးအပ်ရာ ဆရာမတစ်ဦးက လက်ခံရယူခဲ့သည်။

ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကလေးကြိုက်ရုပ်ပြများ၊ ပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာပုံပြင်များ၊ တေဇရုပ်ပြစာအုပ်များဖြင့် ကလေးစာဖတ်ဝိုင်း ဆောင်ရွက်ကာပြသထားရှိသော လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် သရုပ်ဖော်ရုပ်ပြများ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးမှတ်တမ်းဓါတ်ပုံများကို ပြသဆောင်ရွက်ခဲ့ရာ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)