သရက်ချောင်းမြို့နယ် ပန်းတော(မူလွန်)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

သရက်ချောင်း   ဇန်နဝါရီ   ၁၉

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူများ အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ ပန်းတော(မူလွန်)ကျောင်းတွင်ကျင်းပသည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအား ဌာနလုပ်ငန်းဖြစ်သည့်စာကြည့်တိုက်လုပ်ငန်းအကြောင်းမိတ်ဆက်​ပြီးစာဖတ်ရှိန်မြှင့်တင်ရေးစသည့် ဗဟုသုတရဖွယ်အကြောင်း အရာများဖြင့် ဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခက်ခက်ဝေခိုင်က ကျောင်းသား သူများ ဗဟုသုတရရှိစေရန်ငါးလုပ်ငန်းဦးစီးဌာန၏လုပ်ငန်းစဉ်များအကြောင်း၊ ငါးအမျိုးမျိုး မွေးမြူရေးလုပ်ငန်းအကြောင်း၊ တရားမဝင်ငါးလုပ်ငန်းလုပ်ကိုင်သူများအား ဖမ်းဆီးခြင်းနှင့် ပြစ်ဒဏ်ချမှတ်ခြင်းဆိုင်ရာဥပဒေအကြောင်း၊ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်စေရန် ငါးများစားသုံးပေးရန်လိုကြောင်း စသည့်အကြောင်းအရာများဖြင့်ဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် ကျောင်းသား/သူများနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း အဆိုပါဟောပြောပွဲသို့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နန်းခလိုက်ရှုနှင့် ဝန်ထမ်းများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခက်ခက်ဝေခိုင်၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

သားကြီး(သရက်ချောင်း)