လိပ်သိုမြို့ (Community Centre) ခန်းမ၌ အသိပညာပေး Talk Show အစီအစဉ်ပြုလုပ်

လိပ်သို ဇန်နဝါရီ ၁၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ ကျော်ရှိသော တောင်ပေါ်ဒေသဖြစ်သည့်အတွက် တိုးချဲ့စိုက်ပျိုးသင့်သော မြန်မာ့ကော်ဖီအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေး Talk Show အစီအစဉ်တွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ ပြည်သူအများစုသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့်သာ ရပ်တည်လာခဲ့ကြကြောင်းနှင့် ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ပြောကြားပြီး လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးစောဝေါ်ကွောထူးက မြန်မာနိုင်ငံတွင် ရေမြေဒေသနှင့်ကိုက်ညီပြီး စိုက်ပျိုးနိုင်သည့် ကော်ဖီမျိုးများစွာပင်ရှိကြောင်း၊ အဓိက စိုက်ပျိုးသော ကော်ဖီမျိုးများမှာ ပေ ၂၅၀၀ အထက်တွင် စိုက်ပျိုးနိုင်သည့် အာရေးဗီးကား (ARABICA) ကုန်းမြင့်ကော်ဖီမျိုးများပင်ဖြစ်ကြောင်း၊ ကော်ဖီသီးနှံစိုက်ပျိုးရာတွင် အရိပ်ရအပင်များဖြစ်သည့် ထောပတ်၊ ပိန္နဲ၊ တညင်း၊ မျောက်ငိုပင်ကဲ့သို့ ဝင်ငွေရစားသုံးသီးနှံအပင်များနှင့် တွဲဖက်စိုက်ပျိုးပေးနိုင်ပါကြောင်း၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့်ဒေသနှင့် ဆက်စပ်နေသည့်နေရာများတွင်လည်း အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေးအခွင့် အလမ်းများရရှိစေမှုများကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အထောက်အကူရရှိစေ နိုင်မှာဖြစ်ကြောင်း သိကောင်းစရာများနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြည်သူများ အသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်များ၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်းအစီအစဉ်များနှင့် အခြားအသိပညာပေးအစီအစဉ်များကို တင်ဆက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ခင်လေးနွယ်