စုကလိ ဇန်နဝါရီ ၁၉
စာဖတ်ခြင်းဖြင့်သင့်ဘဝ၏ အတွေးအခေါ်များကို မြှင့်တင်ပါ၊ ပြန်လည်မျှဝေပေးပါ၊ တစ်ဦးနှင့်တစ်ဦး စာအုပ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေးအသုံးချတတ်စေရန် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းအနေဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်ချက်များဖြင့် စာရေးဆရာလူထုစိန်ဝင်းရေးသားသည့် လမ်းဖောက်သူဖြစ်ပါစေ စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ယနေ့နံနက် ၁၀ နာရီ ကစုကလိမြို့ ပြည်သူစာကြည့်တိုက်လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်- ၃ ဒေါ်ပိုပိုအောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပေးပြီးနောက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းဝင် ဦးလွှမ်းမိုးနောင် က စာမျက်နှာ ၅၁ ပါ လမ်းဖောက်သူဖြစ်ပါစေ ခေါင်းစဥ် ဖြင့်လည်းကောင်း၊ အသင်းဝင် ဒေါ်နော်ကရိုဖော က စာမျက်နှာ ၅၇ ပါ ယဥ်ကျေးခြင်းဆိုတာ၊ စာမျက်နှာ၆၀ပါ ကလေးတွေကို သနားပါ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ စာပေဝါသနာရှင် ဒေါ်စိုးမို့မို့ဌေးက စာမျက်နှာ ၈၄ ပါ သတင်းစာဆရာဆိုတာ သမိုင်းကိုဖန်တီးသူမဟုတ် ဆောင်းပါးခေါင်းစဥ်ဖြင့် အသီးသီး ဖတ်ပြဆွေးနွေးကြပြီး သိရှိလိုသည်များအားပြန်လည်မေးမြန်းကြရာ စာကြည့်တိုက် တာဝန်ခံ မှ ဖြေကြားပေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ ရုံးအနေဖြင့် စာဖတ်ဝိုင်းများအား လစဥ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပိုပိုအောင်