ဒေးဒရဲမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေး

ဒေးဒရဲ ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ သွားလာရေး လွယ်ကူစေရန်နှင့် လူမှုဘဝများဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ရပ်ကွက်နေပြည်သူများ ထည့်ဝင်မှုဖြင့် အမှတ်(၁)ရပ်ကွက်၊ နတ်သျှင်နောင်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများကို ယမန်နေ့နံနက် (၁၁)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်းနှင့် သက်ဆိုင်ရာဌာနက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းကို  ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ထောက်ပံ့ရန်ပုံငွေ (၄.၈၆)သန်း၊ ပြည်သူထည့်ဝင်ငွေ (၃.၂၄)သန်း၊ စုစုပေါင်းငွေကျပ် (၈.၁၀၀)သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူဆောင်ရွက်လျက်ရှိသော  အလျား (၂၅၇)ပေ၊ အကျယ် (၁၀)ပေ၊ ထု (၆)လက်မဖြင့် ကွန်ကရစ်လမ်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်အရည်အသွေးနှင့် အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် မြို့ပြလမ်းတံတားများ ဖွံ့ဖြိုးရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူထည့်ဝင်ငွေ စုစုပေါင်း (၅၅.၁၅၀)သန်းဖြင်​ မြို့တွင်းလမ်း(၄)လမ်း စုစုပေါင်း အလျား(၁၇၇၃)ပေအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်လျက်ရှိရာ သတ်မှတ်ရက်အတွင်း ပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့က သိရသည်။

အေဇာလင်း