မြဝတီမြို့တွင် “လူငယ်စကားဝိုင်း” ကျင်းပ

မြဝတီ ဇန်နဝါရီ ၁၈

လူငယ်များငယ်ရွယ်စဉ်အချိန်မှစ၍ အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးရန်၊ အတွေးအခေါ်ထက်မြက်စေရန်၊ စာဖတ်စွမ်းရည်၊ ဆွေးနွေးနိုင်မှုစွမ်းရည်များမြင့်မားစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံစေရန်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်အတွက် ရည်ရွယ်ကာ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အောင်မြေရွှေဘုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြဝတီမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အောင်မြေရွှေဘုံမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းလဲ့စိမ်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီကလူငယ် စကားဝိုင်းများ ကျင်းပပြုလုပ်ပေးခြင်းအားဖြင့် လူငယ်များကအဖွဲ့အစည်းစိတ်ဓာတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်စေရန်၊လူငယ်များ အနာဂတ်တိုင်းပြည်တာဝန်များ ပခုံးပြောင်းတာဝန်ယူဆောင်ရွက်တတ်စေရန်နှင့် မိမိယုံကြည်ချက် ရည်မှန်းချက်များကို ရဲရဲဝံ့ဝံ့ချပြ ဆွေးနွေးတတ်စေရန်အတွက် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြဝတီမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အောင်မြင်ရွှေဘုံမှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ စသည့် ခေါင်းစဉ်များအလိုက် ဦးဆောင် ဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဦးဆောင်းဆွေးနွေးပေးသည့် ကျောင်းသား၊ ကျောင်းသူအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)