ကန့်ဘလူ ဇန်နဝါရီ ၁၈
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ကြီးမားသောလူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် အနာဂါတ်ခေါင်းဆောင် ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီးဒေါ်မာမာဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်နန်းမြင့်က လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်နန်းမြင့်က ဆောင်ရွက်ပြီး အ.ထ.က (၁) ကျောင်း (Grade-9) မှ မခင်ခင်ဦးသာက လူငယ်နှင့်ရည်မှန်းချက်၊ (Grade-11) မှ မောင်ဇေယျာထွန်းက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ (Grade-11)မှ မဆောင်းဖြူဖွေးက လူငယ်နှင့်မူးယစ်ဆေးဝါး၊ (Grade-11)မှ မောင်ပြည့်ဖြိုးအောင်က လူငယ်နှင့်ကျန်းမာရေး စသည့် ခေါင်းစဉ်များအလိုက် ပါဝင်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။ အဆိုပါ လူငယ်စကားဝိုင်းသို့ ကျောင်းအုပ် ဆရာမကြီးနှင့်ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ ရသစာအုပ်များ၊ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)