ဖျာပုံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

ဖျာပုံ ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်အား ယနေ့နံနက် (၉)နာရီအချိန်က ဖျာပုံမြို့အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းရှိ ရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် အ.ထ.က(၄) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆို အခမ်းအနားဖွင့်လှစ်​ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကိုယ်စား ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦး၊ ဖျာပုံခရိုင်ခရိုင် ပညာရေးမှူး ဒေါ်အေးမြင့်တို့က အမှာစကား ပြောကြားကြပြီး၊ မြို့နယ်ပညာရေးမှူး ဦးထွန်းလွင်က ပညာရေး စုံညီပွဲတော် ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ စာပေဘာသာရပ်တွင် သာမက အားကစားနှင့် စာရိတ္တပညာရပ်များတွင် ထူးချွန်ထက်မြက်စေရေး ကြိုးစား အားထုတ် သင်ယူသွားကြရန်လိုကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် ဖျာပုံမြို့ အ.လ.က(၂) Grade-4 ကျောင်းသူ မခိုင်ဝတ်ရည်က စောင်းအတီးဖြင့် ဖျော်ဖြေခြင်း၊ အ.ထ.က.(၁) ကျောင်းသူလေးများက ကဗျာလွတ်အကဖြင့် ဖျော်ဖြေခြင်း၊ အ.ထ.က. ဆိပ်မမှ ကျောင်းသူကလေးများက English Song ဖြင့် သီဆိုဖျော်ဖြေ ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးနှင့် အဖွဲ့ဝင်များ၊ ဖျာပုံခရိုင် ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများက စုံညီပွဲတော်တွင် ဉာဏဆု၊ ကာယဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီမြှင့်ခဲ့ကြပြီး၊ ဖျာပုံမြို့ အ.ထ.က(၃)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေ ပေးခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မာမာလွင်