ဖြူး ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ပညာရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းကာ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေကြသည့် ကျောင်းသား/ ကျောင်းသူများ၏ ကျန်းမာရေးအခြေအနေကို ဆန်းစစ်နိုင်ရေး၊ အာဟာရရရှိရေးနှင့် ကူးစက်ရောဂါမဖြစ်ပွားရေး ကြိုတင်စီစဉ်နိုင်ရေးအတွက်ရည်ရွယ်၍ ကျောင်းကျန်းမာရေးလုပ်ငန်းများ နှစ်ပတ်လည်ဆန်းစစ်ဆွေးနွေးခြင်းနှင့် ကျောင်းအခြေပြုအာဟာရနှင့် ကူးစက်ရောဂါနှိမ်နှင်းခြင်း သင်တန်းကို ယမန်နေ့၊ နံနက်ပိုင်းက အမှတ်(၁)အထကကျောင်း ရာပြည့်ခန်းမတွင် ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ ဖြူးမြို့နယ် ပညာရေးမှူးဒေါ်သီသီကြိုင်ကအဖွင့်အမှာစကားပြောကြားပြီး ဖြူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအာကာက ၂၀၂၂ ခုနှစ် ကျောင်းကျန်းမာရေး လုပ်ငန်းများနှင့် နှစ်ပတ်လည်ဆန်းစစ်ဆွေးနွေးခြင်းနှင့် အားနည်းချက် အားသာချက်များကို ဆွေးနွေးခဲ့သည်။
ဆက်လက်၍ သင်တန်းပို့ချဆွေးနွေးရာတွင် ဖြူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ တာဝန်ခံ ဆရာ/ဆရာမများ၊ ပညာရေးဝန်ထမ်းများ စုစုပေါင်း(၂၈၀)ဦးခန့်အား ဖြူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအာကာ၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်း၊ ကျန်းမာရေးမှူးဦးမျိုးမင်းထွန်း၊ ငှက်ဖျားအင်စပက်တော် ဦးဇော်လင်းမောင်တို့က ကျောင်းကျန်းမာရေးဆိုင်ရာများ၊ ကူးစက်ရောဂါအကြောင်းနှင့်၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါအကြောင်းတို့ကို ပို့ချဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကို ဇန်နဝါရီလ(၁၇)နေ့မှ (၁၉)ရက်နေ့ထိ(၃)ရက်တိုင် ပို့ချဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင် ပြန်/ဆက်)