ဟားခါး ဇန်နဝါရီလ ၁၈
၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီအသီးသီး ဖွဲ့စည်းထားပြီးဖြစ်သောကြောင့် ဆပ်ကော်မတီတစ်ခုနှင့်တစ်ခု အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ၊ အခမ်းအနား တက်ရောက်လာကြသည့် ဆပ်ကော်မတီများ၏ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအနေဖြင့် ဆောင်ရွက် ရမည့်လုပ်ငန်းစီမံချက်၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည့်အချက်များနှင့် ရန်ပုံငွေလိုအပ်မှု အခြေအနေများကို တင်ပြပေးစေလိုကြောင်းနှင့် ပြည်ထောင်စုနေ့အခမ်းအနားအား အနှစ်သာရ ပြည့်ဝစွာ ကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ဆွေးနွေးပေးစေလိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ထို့နောက် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ် အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက အသုံးစရိတ်နှင့်ပတ်သက်၍ ဆပ်ကော်မတီ အလိုက် သုံးစွဲသင့်သည့်အတိုင်းအတာအထိ သုံးစွဲရမည်ဖြစ်ကြောင်း၊ အသုံးစရိတ် ထပ်မံတင်ပြရန် ရှိပါကလည်း အချိန်မီတင်ပြပေးစေလိုကြောင်းနှင့် ဆပ်ကော်မတီအသီးသီး၏ တင်ပြချက်များအပေါ် ဦးစီးကော်မတီမှ ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးတို့၏ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည့် အချက်များနှင့် အသုံးစရိတ်တွက်ချက်မှုများကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် စစ်ဗျူဟာ (အခြေချ) ဟားခါးမှစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောထွန်းက လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် ဆပ်ကော်မတီအသီးသီး၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများက ဖြည့်စွက်အကြံပြုတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် ( ပြန် / ဆက် )