မိုးညို ဇန်နဝါရီ ၁၈
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိအ.ထ.က(မိုးညို)၊ သရဖူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာစုံညီပွဲတော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲထွဋ်အောင်၊ အဖွဲ့ဝင်(၂)ဦးစိုးတင့်၊ အတွင်းရေးမှူး ရဲမှူးဝင်းကျော်ကျော်လွင်၊ မြို့နယ်ပညာရေးမှူးဦးကြည်လင်နှင့် ကျောင်းအကျိုးတော်ဆောင်ဦးညီညီဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူကလေးများက တိုင်းရင်းသားအက၊ ပန်းပွားအကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍အခမ်းအနားကို ကျင်းပရာ အ.ထ.က(မိုးညို)မှ ကျောင်းသား၊ ကျောင်းသူလေးများက “စုံညီပွဲတော်ဒို့နွဲပျော်” သီချင်းဖြင့်သီဆိုဖွင့်လှစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးကြည်လင်နှင့် ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်းထွေးတို့က စုံညီပွဲတော်ကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားကာ ကျောင်းအကျိုးတော်ဆောင်ဦးညီညီဇော်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ထူးချွန်ဆရာများနှင့် လူရည်ချွန်ဆု၊ အင်္ဂလိပ်စာစွမ်းရည်နှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ စာစီစာကုံးနှင့်အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက အကအလှများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)