ပေါက်ခေါင်းမြို့နယ် တောင်နဝင်းရေလှောင်တမံမှ ယခုနှစ်နွေစပါးဧက ၁၁၀၀၀ ကျော်အတွက် စိုက်ပျိုးရေများပေးဝေသွားမည်

ပေါက်ခေါင်း ဇန်နဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် တောင်နဝင်းရေလှောင်တမံမှ ယခုနှစ် ၂၀၂၃ ခုနှစ် နွေစပါးစိုက်ပျိုးရာသီအတွက် စိုက်ပျိုးရေများကို မတ်လ ၁ ရက်နေ့မှ စတင်ပေးဝေသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

တောင်နဝင်းရေလှောင်တမံမှ နွေစပါးစိုက်ပျိုးရေအတွက် ယခင်က ဇန်နဝါရီ ၁ ရက်နေ့မှစတင်ရေပေးဝေခဲ့သော်လည်း ယခုနှစ်တွင် ဆည်ရေသောက်ဧရိယာအတွင်း၌ ဆောင်းရာသီသုံးသီးစားသီးနှံများစိုက်ပျိုးထားရှိခြင်းကြောင့် မတ်လ ၁ ရက်နေ့မှ နွေစပါးရေများ စတင်ပေးဝေမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါတောင်နဝင်းရေလှောင်တမံမှ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန်နှင့်သီးနှံများ ရေလိုအပ်သည့်အချိန်များတွင် လယ်ယာမြေသို့ သက်ဆိုင်ရာမြောင်မကြီး၊ မြောင်းလက်တံများမှတစ်ဆင့် စနစ်တကျဖြန့်ဝေပေးလျက်ရှိသည်။ ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်နွေစပါး ၁၁၁၁၄ ဧကစိုက်ပျိုးရန်လျာထားလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ ဆက်)