တောင်တွင်းကြီး ဇန်နဝါရီ ၁၈
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ်ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့်ရင်းနှီးစေရန်၊ စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများ ဖြစ်ပေါ်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့နေ့လယ်(၁)နာရီအချိန်က စာရေးဆရာမြင်းခြံကျော်အောင်(ခ)သန်းထက်စံ ရေးသားသည့် "ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများကို ကြိုးစားသင်ယူလေ့လာရန် လိုအပ်သလို ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာပေများကိုလည်း လေ့လာဖတ်ရှု့မှတ်သားရန် လိုအပ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များသည် အနာဂတ်လူငယ်များဖြစ်ပါကြောင်း၊ နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့် အနာဂတ်လူငယ်များဖြစ်သည့်အတွက် အသိပညာ၊ အတက်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းကို ကျင်းပရာ တက်ရောက်လာသည့် ကျောင်းသူလေးများက စာရေးဆရာ မြင်းခြံကျော်အောင် (ခ) သန်းထက်စံ ရေးသားသည့် "ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်" စာအုပ်ပါ အစဉ်ရှင်သန်နေသော လူသားဖြစ်စေရန်၊ ဥစ္စာဖြင့် ကျော်စောခြင်း၊ အခြွေအရံဖြင့် ကျော်စောခြင်း၊ အသိအလိမ္မာဖြင့် ကျော်စောခြင်း၊ ပညာဖြင့် ကျော်စောခြင်း၊ “မည်သူမှ မွေးကတည်းက လူတော်ဖြစ်မလာ” စသည့် အကြောင်း အရာများအား ဖတ်ကြားခဲ့ပြီး မိမိတို့ နားလည်သိရှိသည်များအား သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ စာရေးဆရာ ညီရွှေဝင်းနှင့် တောင်တွင်းအောင်သက်ဦးတို့က လူရယ်လို့ဖြစ်လာသည့်အခါ ဆန္ဒပြင်းပြင်းပြပြရှိသူ၊ လွန်ကဲသည့်ဝီရိယရှိသူ၊ ထက်သန်တဲ့စိတ်ရှိသူနှင့် ထက်မြက်သည့်ပညာများကို ပိုင်ဆိုင်အောင် ဆောင်ရွက်နိုင်သူများသည် လူတော်များ ဖြစ်လာပါကြောင်း၊ ဆက်ဆံရေးပြေပြစ်ရန်၊ ပြုံးပျော်ရန်လိုပါကြောင်းနှင့် လူများအပေါ်မေတ္တာထားရန် အထူးလိုအပ်ပါကြောင်း ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ ပြတိုက်ငယ်(Mini Museum)၊ အထင်ကရ မှတ်တမ်းဓါတ်ပုံများနှင့် “အသိပညာဗဟုသုတကြွယ်ဝဖို့ စာအုပ်စာပေဖတ်ကြစို့”၊ မူးယစ်ဆေးဝါးအန္တရာယ်၊ သဘာဝဘေးအန္တရာယ် စသည့် အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ဝင်တစား လှည့်လည်ကြည့်ရှု့ခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်းသို့ မြို့မအခြေခံပညာအလယ်တန်းမှ Grade(7) ကျောင်းသား၊ ကျောင်းသူ (၆၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)