မင်းဘူး စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၀ပြည့်နှစ် မိုးရာသီ သီးနှံထုတ်လုပ်မှု ချေးငွေများကို မေလ ၁၅ ရက်နေ့နှင့် ကိုဗစ်-၁၉ အထူးချေးငွေများကို ဇွန်လ၂၃ ရက်နေ့များတွင် စတင်ထုတ် ချေးပေးခဲ့ရာ စက်တင်ဘာ ၂၃ ရက်နေ့တွင်အပြီးသတ် ထုတ်ချေး ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ကျေးရွာအုပ်စုပေါင်း ၆၈ အုပ်စုမှ တောင်သူဦးရေ ၁၀၉၇၆ ဦးရှိပြီး မိုးတွင်း စိုက်ဧကပေါင်း ၆၆၃၇၂ ဧကအတွက် ချေးငွေကျပ်သိန်းပေါင်း ၈၂၀၃၉၀၀၀၀၀ သိန်းနှင့် ကိုဗစ်-၁၉ အထူးချေးငွေအတွက် ကျေးရွာအုပ်စုပေါင်း ၆၈ အုပ်စု၊ တောင်သူ ၁၁၁၉၉ ဦး၏ လယ်မြေဧက ၆၇၁၂၃ ဧကအတွက် ချေးငွေကျပ်သိန်ပေါင်း ၃၃၅၆၁.၅၀ သိန်း၊ ထုတ်ချေးပေးခဲ့ပြီး ဖြစ်သည်။
ထိုသို့ မိုးရာသီ သီးနှံထုတ်လုပ်မှု ချေးငွေများ ထုတ်ချေးပေးခဲ့ရာတွင် စပါးတစ်ဧကလျှင်ကျပ် ၁၅၀၀၀၀၊ အခြားသီးနှံ တစ်ဧကလျှင်ကျပ် ၁၀၀၀၀၀ နှင့်ကိုဗစ်-၁၉ အထူးချေးငွေ တစ်ဧကလျှင်ကျပ် ၅၀၀၀၀ နှုန်းဖြင့် ထုတ်ချေးပေးခဲ့ပြီး ချေးငွေအာမခံအဖြစ် ပုံစံ-၇ မူရင်းများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် သိမ်းဆည်းထားရှိပြီး ချေးငွေများအကျေဆပ်နိုင်မှသာ ပြန်လည်ထုတ်ပေးကြောင်း မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်မန်နေဂျာ ဒေါ်ဇင်ဝင်းမာထံမှ သိရသည်။
ဇေယျာထက် (မင်းဘူး)