ဖြူးမြို့နယ်မြို့စည်ပင်သာယာဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြိမ်းသတ်ခြင်းသရုပ်ပြ

ဖြူး ဇန်နဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင်ခြောက်သွေ့သည့် ကာလရောက်လာသည်နှင့်အမျှ မီးလောင်မှုများကို ကြိုတင်ကာကွယ်နိုင်ရေးအတွက်ရည်ရွယ်ကာ ဈေးသူဈေးသားများ မီးဘေးကြိုတင်ကာကွယ်နိုင်ကြစေရန်၊ မီးဘေးအန္တရာယ်ကြုံလာပါက လက်တွေ့မီးငြိမ်းသတ်နိုင်ကြစေရန်အတွက် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်ခြင်းလက်တွေ့ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ဖြူးမြို့နယ်စည်ပင်သာယာဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုကဲ့သို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးမီးငြိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ဦးစီးမှူး ဦးချမ်းဟိန်းလင်း ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဗူး အသုံးပြုပုံအားရှင်းလင်းပြီးလက်တွေ့ မီးငြိမ်းသတ်ခြင်းများ၊ ရေစိုအဝတ်ဖြင့် မီးငြိမ်းသတ်ခြင်း၊ မီးသတ်ကား(၁)စီး၊ ရေသယ်ကား(၁)စီးဖြင့် မီးငြိမ်းသတ်သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူးဦးဇော်နိုင်နှင့် ဝန်ထမ်းများ၊ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဈေးသူဈေးသားများက တက်ရောက်ကြည့်ရှုခြင်း၊ လက်တွေ့မီးငြိမ်းသတ်ခြင်းများကို ဆောင်ရွက်ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများကစည်ပင်သာယာ ဈေးကြီးအတွင်းရှိ ဈေးဆိုင်ခန်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်သွားနိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ ဆက်)