ပခုက္ကူ ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၌ တစ်ပိုင်တစ်နိုင်စီးပွားဖြစ် ငရုတ်သီးစိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများ ဈေးကောင်းရရှိရေးအတွက် မျှော်လင့်နေကြကြောင်း သိရသည်။
“ယခင်နှစ်တွေက ပခုက္ကူမြို့ပေါ်ဈေးကွက်မှာ ငရုတ်သီးအစိုတစ်ပိဿာကို ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ဈေးရတယ်၊ ယခုနောက်ပိုင်းနှစ်တွေမှာ ကိုဗစ်-၁၉ရောဂါနှင့် အခြားဘေးအန္တရာယ်အမျိုးမျိုးတို့ကြောင့် အရင်နှစ်ကလို ဈေးသိပ်မရတော့ဘူး၊ စားသုံးသီးနှံဆိုလို့ ငရုတ်သီးပဲ အဓိကစိုက်ပျိုးထားပြီး အခြားသီးနှံအနည်းကျဉ်းပဲရှိတာဆိုတော့ ငရုတ်သီးဈေးကောင်းဖို့ပဲ မျှော်နေရတာပေါ့” ဟု ကျွန်းဦးကျေးရွာမှ ငရုတ်စိုက်တောင်သူတစ်ဦးက ပြောပြသည်။
ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ငရုတ်သီးကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာဈေးကြီးအပါအဝင် ယာယီပျံကျဈေးများတွင် လက်လီ၊ လက်ကားစနစ်ဖြင့် တင်ပို့ရောင်းချကြကြောင်း၊ လက်ရှိအချိန်တွင် ငရုတ်စိုက်တောင်သူများက ငရုတ်သီးစိမ်းများကို တစ်ပိဿာ ၁၀၀၀ကျပ်မှ ၂၀၀၀ကျပ်အထိ ရောင်းချနေရကြောင်း၊ ငရုတ်သီး စိုက်ခင်းများတွင် အခြားသီးနှံများကိုလည်း သီးထပ်၊ သီးညှပ်အဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)